၂၄. ၃. ၂၀၂၃
Translated by Htwe Ko Tun
အမျိုးသားအဖြစ်မှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းခွဲစိတ်ခံထားသူများအနေနှင့် ၎င်းတို့တွင် တက်စတိုစတီရုန်းဟော်မုန်းအဆင့် မည်မျှပင်ရှိသည်ဖြစ်စေ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲများ၌ ဆက်လက်ပါဝင်ယှဉ်ပြိုင်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆီဘာစတီယန်းကိုးက မတ်လ ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်းသိရသည်။
ကိုးက မတ်လ ၃၁ ရက်မှစ၍ အမျိုးသမီးကမ္ဘာ့အဆင့် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ယောင်္ကျားလေး လူပျိုပေါက်ဘဝကို လွန်မြောက်လာခဲ့ပြီးဖြစ်သည့် မည်သည့်လိင်ပြောင်းခွဲစိတ်ခံထားသူများကိုမှ ပါဝင်ခွင့်ပြုမည်မဟုတ်ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။ ၎င်းက ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်အား အဖွဲ့ဝင်နိုင်ငံပေါင်း ၄၀ မှ ပြေးခုန်ပစ်အဖွဲ့ချုပ်များနှင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီတို့အပြင် ခွဲစိတ်ခံလိင်ပြောင်းအုပ်စုများကပါ လိင်ပြောင်းခွဲစိတ်ခံထားသူ ပြေးခုန်ပစ်အားကစားသမားများနှင့်ပတ်သက်၍ အကြံပြုခဲ့ကြကြောင်း ပြောခဲ့သည်။
ကိုးက “အကြံပြုချက်တွေမှာ အများစုကတော့ လိင်ပြောင်းခွဲစိတ်ခံထားသူ ပြေးခုန်ပစ်အားကစားသမားတွေအနေနဲ့ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုသင့်ဘူးလို့ ဆိုခဲ့ကြတယ်။ အများအပြားက လိင်ပြောင်းခွဲစိတ်ခံထားတဲ့ အမျိုးသမီးတွေက သာမန်အမျိုးသမီးတွေထက် ကိုယ်ကာယပိုင်းဆိုင်ရာအကျိုးကျေးဇူး၊ အသာရမှုတွေ မရရှိထားဘူးဆိုတာပြဖို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေမရှိဘူးလို့ ယုံကြည်ကြတယ်” ဟု ဆက်လက်ပြောခဲ့သည်။
အမျိုးသားအဖြစ်မှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းခွဲစိတ်ခံခဲ့သူများကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီး ရပ်ဘီပြိုင်ပွဲများတွင် ပါဝင်ခွင့်မပြုကြောင်း ကမ္ဘာ့ရပ်ဘီအဖွဲ့ချုပ်ကလည်း ၂၀၂၀ ပြည့်နှစ်တွင် စည်းကမ်းသတ်မှတ်ခဲ့ရာ လိင်ပြောင်းခွဲစိတ်ခံအားကစားသမားများကို အမျိုးသမီးပြိုင်ပွဲများတွင် ပထမဆုံးပိတ်ပင်သည့် ကမ္ဘာ့အားကစားအဖွဲ့ချုပ်လည်းဖြစ်ခဲ့သည်။
Ref– AFP