MT News
၂၄. ၃. ၂၀၂၃
လျှပ်စစ်ဓာတ်အားခိုးသုံးမှုများကို မြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ငွေဒဏ်အပြင် ထောင် ၁၀ နှစ်အထိ ချမှတ်နိုင်သည့်ဥပဒေဖြင့် အမှုဖွင့် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယနေ့တွင် ကြိုတင်အသိပေးထားသည်။
လက်ရှိတွင် တရားဝင် ဓာတ်အားသုံးစွဲခွင့်ပြုထားသော ပြည်သူအချို့နှင့် တရားဝင်ဓာတ်အားသုံးစွဲခွင့်မရရှိသေးသော ပြည်သူအချို့သည် မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အားကို တရားမဝင်သုံးစွဲမှုများ ပြုလုပ်လျက်ရှိပြီး မီတာမရှိဘဲတိုက်ရိုက်ခိုးယူခြင်း၊ မီတာရှိသော်လည်း မီတာမတက်အောင် ပြုလုပ်သုံးစွဲခြင်း၊ မီတာမရောက်မီ အဝင်မှသုံးစွဲခြင်း(By Pass)၊ မီတာအဝင်ကြိုး၊ အထွက်ကြိုး ခွထောက်သုံးစွဲခြင်း၊ မီတာအဝင်ကြိုးနှင့်အထွက်ကြိုး ပြောင်းပြန်တပ်ဆင်ခြင်းများဖြင့် ခိုးယူအသုံးပြုနေသည်။
ထို့ပြင် ဆင့်ပွားဓာတ်အားဆက်သွယ်အသုံးပြုခြင်း၊ အထွေထွေအိမ်သုံးမီတာ၊ အိမ်တွင်းသုံးပါဝါမီတာမှ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ အသေးစားစက်မှုလက်မှု၊ စက်မှုလက်မှုနှင့် တစ်လုံးတစ်ခဲတည်းမီတာမှ ခွင့်ပြုဝန်အားထက် ပိုမိုသုံးစွဲခြင်း၊ မီတာအမျိုးမျိုးအား ပြုပြင်၍ဓာတ်အားခိုးယူသုံးစွဲခြင်း ( မီတာရှန့်လင့်များဖြုတ်ခြင်း၊ မီတာ၏ အတွင်းအစိတ်အပိုင်းအား ပြုပြင်ထားခြင်း၊ မီတာရှိဝက်အူ(Serew)များ လျော့ခြင်း)၊ စက်မှုလက်မှုလုပ်ငန်းများ လျှပ်စစ်ဓာတ်အားအသုံးမပြုရန် ကန့်သတ်တားမြစ်ထားသည့်အချိန် ညနေ ၅ နာရီမှ ည ၁၁ နာရီအတွင်း လျှပ်စစ်ဓာတ်အားရယူ၍ စက်မှုလက်မှုလုပ်ငန်းများ အသုံးပြုခြင်း၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် အလှည့်ကျ ဓာတ်အားပိတ်ထားသော အချိန်တွင် မိမိသဘောဖြင့် လျှပ်စစ်ဓာတ်အားကို ရယူ၍ စက်မှုလက်မှုလုပ်ငန်းများ အသုံးပြုခြင်း၊ လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြောင့် အလှည့်ကျဓာတ်အားပိတ်ထားသောအချိန်တွင် မိမိသဘောဖြင့် လျှပ်စစ်ဓာတ်အားကို ရယူအသုံးပြုခြင်း၊ ဓာတ်အားလိုင်း( ၂ )လိုင်းနှင့် ဓာတ်အားလိုင်း( ၂ )လိုင်း အထက်ဆွဲထားခြင်း၊ အထွေထွေအိမ်သုံး ၊ အိမ်တွင်းပါဝါအသေးစားစက်မှုလက်မှု၊ စက်မှုလက်မှု တစ်လုံး တစ်ခဲတည်း မီတာများတွင် ချို့ယွင်းမှုများ(Tampered)တရားမဝင်ပြုလုပ်ခြင်း၊ မီတာနှင့်တွဲဖက်သုံးစွဲထားသော Current Transformer၊ Voltage Transformer များကိုလည်းကောင်း၊ မီတာနှင့် Current Transformer၊ Voltage Transformer များကို ဆက်သွယ်ထားသော လျှပ်စစ်ပတ်လမ်း (Electric Circuit) ကိုလည်းကောင်း မူလအနေ အထားမှ ပျက်ယွင်းအောင်ပြုပြင်မှု(Tampered)ပြုလုပ်ခြင်း၊ မီတာနှင့်တွဲဖက်သုံးစွဲထားသော Current Transformer၊ Voltage Transformer များကိုလည်းကောင်း၊ မီတာနှင့် Current Transformer၊ Voltage Transformer များကို ဆက်သွယ်ထားသော လျှပ်စစ်ပတ်လမ်း( Electric Circuit )ကိုလည်းကောင်း၊ Tampered ပြုလုပ်ခြင်း မဟုတ်သည့် မီးသုံးသူ၏ ပယောဂမပါရှိဘဲ အကြောင်းတစ်စုံ တစ်ခုခုကြောင့် အားနည်းမှု၊ ချို့ယွင်းမှု၊ ပျက်စီးမှုဖြစ်ခြင်း စသည့်နည်းများဖြင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲနေကြသည်ဟု သိရသည်။
ထိုသို့ မသမာသောနည်းဖြင့် ဓာတ်အားသုံးစွဲသူများကြောင့် ဓာတ်အားပျောက်ဆုံးမှုများ၊ ဗို့အားကျဆင်းမှုများ၊ ထရန်စဖော်မာများမှာ ဝန်အားမနိုင်နင်းမှုကြောင့် လောင်ကျွမ်းပျက်စီးမှုများ၊ ဓာတ်လိုက်မှုအန္တရာယ်များ ၊ မီးဘေးအန္တရာယ်များနှင့် နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍတွင် ဝင်ငွေလျော့နည်းကျဆင်းမှုများ ဖြစ်ပေါ်နေသည့်အပြင် တရားဝင် ဓာတ်အားသုံးစွဲသူ ပြည်သူများအတွက်လည်း အနှောင့်အယှက်ဖြစ်ပေါ်စေမည်ဖြစ်သည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အားခိုးသုံးမှုများကို သက်ဆိုင်ရာမြို့နယ်များမှလည်း အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး တရားမဝင်ဓာတ်အား သုံးစွဲမှုနည်းလမ်းတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးဖော်ထုတ်တွေ့ရှိပါက မီးသုံးစွဲသူကာယကံရှင်နှင့်အတူ ပူးပေါင်းကြံစည် ပါဝင်လုပ်ဆောင်သူများအား ဓာတ်အားဖြတ်တောက်ခြင်း၊ လျော်ကြေးငွေကို တပ်ဆင်ဝန်အားအရ တွက်ချက်တောင်းခံခြင်းများ အရေးယူခံရမည်ဖြစ်သည့်အပြင် ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ ၅၂၊ ၅၃ အရ အမှုဖွင့်တရားစွဲဆိုခြင်းခံရမည်ဖြစ်သည့်အပြင် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ငွေဒဏ်အပြင် အနည်းဆုံးငါးနှစ် မှ အများဆုံးဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြိုတင် အသိပေးထားသည်။