၂၄. ၃. ၂၀၂၃
Written by Ye Kyaw
တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရန် ယူနန်ပြည်နယ်၊ လင်ချန်းမြို့နှင့် ချင်းရွှေဟော်မြို့တို့အကြား ရထားလမ်းတည်ဆောက်ရန် ယူနန်ပြည်နယ်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနသို့ တိုက်တွန်းလျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် စတင်တင်ဆောက်နိုင်မည်ဟု မျှော်မှန်းထားကြောင်း လင်ချန်းမြို့၊ လင်ချန်းမြူနီစပယ် ပြည်သူ့အစိုးရအဖွဲ့ မြို့တော်ဝန် Mr. Du Jianhui က ပြောသည်။
“မြန်မာနိုင်ငံနဲ့ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေဖို့အတွက် လင်ချန်းနဲ့ ချင်းရွှေဟော်မြို့တို့အကြား ရထားလမ်းတည်ဆောက်ဖို့ ယူနန်ပြည်နယ်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနကို တိုက်တွန်းနေပြီး လာမယ့်နှစ်မှာ စတင်တည်ဆောက်နိုင်မယ်ဟု မျှော်မှန်းထားပါတယ်” ဟု Mr. Du Jianhui က ဆိုသည်။
ထို့ပြင် နယ်စပ်ဂိတ်ပေါက်များတွင် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်လျက်ရှိပြီး နိုင်ငံတကာ ကုန်သွယ်မှုဇုန် တည်ဆောက်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ ချင်းရွှေဟော်နယ်စပ်တွင် Free Trade Zone စတင်ဆောင်ရွက်လျက်ရှိပြီး အခြေခံလိုအပ်ချက်များ ပြီးစီးနေပြီဖြစ်ကြောင်း မြို့တော်ဝန် Mr. Du Jianhui က ပြောကြားသည်။
လင်ချန်းမြို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ အနောက်တောင်အရပ်တွင်တည်ရှိပြီး ဧရိယာအားဖြင့် ၂ ဒသမ ၄ သိန်း ကီလိုမီတာ ကျယ်ဝန်းကာ ယခင်နှစ် GDP မှာ တရုတ်ယွမ်ငွေ သိန်းတစ်သောင်းရှိပြီး ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုတွင် နံပါတ်ရှစ်နေရာတွင်ရှိသော မြို့လည်းဖြစ်သည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ရှည်လျားသည့် နယ်နိမိတ်ခြင်း ထိစပ်မှုရှိပြီး ရှေးယခင်ကတည်းက နီးကပ်သည့် ကူးလူးဆက်ဆံမှုများ ရှိသည့်အပြင် လက်ရှိတွင် ကုန်သွယ်မှုချော့မွေ့စေရေးနှင့် ငွေပေးချေမှု ဘဏ်စနစ်ပေါ်မှ ယွမ်/ကျပ် တိုက်ရိုက်ပေးချေမှုတို့မှာ အဆင်ပြေပြေ ဆောင်ရွက်နိုင်ရေးကို အသင်းချုပ်ဘက်မှ တတ်နိုင်သမျှ ကူညီပေးသွားမည်ဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။