၂၄. ၃. ၂၀၂၃
Written by Pan Ei
တောင်ကိုရီးယားမင်းသမီးချော ပရိသတ်အချစ်တော် ဆုန်းဂျီဟိုဟာ မကြာသေးမီက မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပရိသတ်တွေ့ဆုံပွဲမှာ မသန်စွမ်းပရိသတ်တစ်ဦးကို လက်ဟန်ပြဘာသာစကားနဲ့ ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့တာကြောင့် ချီးကျူးခံနေရပြီး အင်တာနက်သုံးစွဲသူတွေရဲ့ နှလုံးသားကို သိမ်းပိုက်ခဲ့ပါတယ်။
ဆုန်းဂျီဟိုဟာ မြန်မာနိုင်ငံမှာလည်း ပရိသတ်တွေ အကြိုက်တွေ့ကြတဲ့ Running Man အစီအစဉ်ရဲ့ ပုံမှန်မိန်းကလေးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ ပွဲတစ်ခုကို တက်ရောက်စဉ် မသန်စွမ်းပရိသတ်တစ်ဦးနဲ့ နှုတ်ဆက်စကားပြောဆိုရာမှာ လက်ဟန်ပြဘာသာစကားကို အသုံးပြုကာ ဖော်ဖော်ရွေရွေဆက်ဆံခဲ့ပါတယ်။
မင်းသမီးတစ်ဦးအနေနဲ့ လက်ဟန်ပြဘာသာစကားကို အသုံးပြုဖို့ ခက်ခဲနိုင်ပေမဲ့ ဆုန်းဂျီဟိုကတော့ ပရိသတ်နဲ့ ဆက်သွယ်ဖို့ အသုံးပြုခဲ့တာဖြစ်ပြီး အဆိုပါ နှုတ်ဆက်တဲ့ ဗီဒီယိုဖိုင်ကို ပရိသတ်တစ်ဦးက Tik Tok မှာ တင်ခဲ့ရာမှာ ကြည့်ရှုမှုပေါင်း ၁ ဒသမ ၇ သန်းကျော်နဲ့ လိုက်ခ်ပေါင်း ၃ သိန်းကျော် ရရှိခဲ့ကာ ပရိသတ်တွေက သူမရဲ့ နှိမ့်ချတတ်မှုနဲ့ တွေးမြင်တတ်မှုတွေကို ချီးကျူးခဲ့ကြပါတယ်။
ဆုန်းဂျီဟိုဟာ ကြင်နာတဲ့အမူအကျင့်ကြောင့် မလေးရှားနိုင်ငံသားတွေရဲ့ အာရုံစိုက်ခြင်းကို ခံရတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၂၂ ခုနှစ် နိုဝင်ဘာတုန်းကလည်း သူမ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိစဉ်မှာ ချော်လဲပြုတ်ကျခဲ့တဲ့ ပရိတ်သတ်ဆီကို လုံခြုံရေးဝန်ထမ်းတွေ အစောင့်အကြပ်တွေထူထပ်စွာ ဝန်းရံနေတဲ့ကြားထဲက အပြေးအလွှား ကူညီခဲ့ဖူးပါသေးတယ်။
Ref; The Straits Time