၂၄. ၃. ၂၀၂၃
Written by Tha Doe
NUG ၏ ဩဇာခံ ဗိုလ်စလုံး၏ ကော်သူးလေအာမီမှ ဆင်ဖြူစစ်ကြောင်း(ထိုအချိန်က KNDO စစ်ကြောင်း) တပ်မတော်၏ ဥကရစ်ထစခန်းကုန်းကို သိမ်းစဉ်က မအောင်မြင်သည့်အပြင် PDF များစွာကျခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် Myanmar Humanitarian Action Centre တည်ထောင်သူ ကိုရဲမင်းက ပြောသည်။
တပ်မတော်၏ ဥကရစ်ထစခန်းကုန်းကို KNU နှင့် PDF ပူးပေါင်းတပ်များက စခန်းသိမ်းပွဲဆင်နွှဲမှုမှာ ၂၀၂၂ ဇွန် ၂၆ ရက်မှ ဇွန် ၃၀ အထိ ပူးပေါင်းသိမ်းခဲ့သော်လည်း အောင်မြင်မှုမရှိသည့်အပြင် ထိုအချိန်က KNU က သင်တန်းပေးလိုက်သော PDF များစွာ ကျခဲ့ချိန်တွင် ဗိုလ်စလုံးက ဘီယာသောက်ပြီး လက်နက်ကြီးပစ်၍ပင် မမှီသောနေရာ၌ ဥကရစ်ထစခန်းအား သိမ်းနိုင်ပြီဖြစ်ကြောင်း ပြောခဲ့သည်ဟု ကိုရဲမင်းက ဖော်ထုတ်သည်။ ထို့ပြင် ဥကရစ်ထစခန်းအား ဗိုလ်စလုံး၏ KNDO စစ်ကြောင်းက သွားရောက်တိုက်ခိုက်ရာတွင် အခြားသော KNU၊ KNDO၊ KTLA တပ်ရင်းများ၊ စစ်ကြောင်းများနှင့် တိုင်ပင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ တိုက်၍မနိုင်ချိန်မှ အကူအညီတောင်း၍သာ ကျန် KNU၊ KNLA၊ KTLA၊ PDF တပ်မဟာများ၊ တပ်ရင်းများ၊ စစ်ကြောင်းများက ဝင်တိုက်ခဲ့ရခြင်းဖြစ်ပြီး PDF အများအပြားကျခဲ့ကြောင်း ကိုရဲမင်းက ပြောသည်။
“ကိုစလုံးကို ကျွန်တော်ပြောချင်သေးတယ်။ ဥကရစ်ထတိုက်ပွဲတုန်းကလည်း အဲဒီလိုပဲ။ ခင်ဗျားအဝေးကနေပြီးတော့ ကျွန်တော့်ကို Video Call ခေါပြီး လက်ထဲမှာ ဘီယာဘူးကိုင်ထားပြီးတော့ ရှေ့မှာရဲဘော်တွေက တက်တိုက်နေတယ်။ အဝေးကြီးကနေပြီးတော့ ဟိုးအဝေးကြီးကနေပြီးတော့ တဲလေးတစ်လုံးမီးလောင်နေတာ လှမ်းပြပြီးတော့ မင်းကြည့် ဒီမှာ ငါ စခန်းသိမ်းလိုက်ပြီ။ ဥကရစ်ထစခန်းသိမ်းလိုက်ပြီဆိုပြီး လှမ်းပြ။ ကျွန်တော်တို့ကလည်း တိုက်နေတာသိတော့ ဝမ်းသာတာပေါ့။ သိမ်းလိုက်ပြီပေါ့။ မင်းက အဝေးကြီးကနေ။ အဝေးကြီးပဲ။ မင်းလှမ်းပြနေတာ မှုန်မှုန်လေးပဲ မြင်ရတယ် ဥကရစ်ထစခန်းကုန်းကို။ လက်နက်ကြီးနဲ့ လှမ်းပစ်ရင်တောင် မင်းကို မမှီဘူး။ အဲဒီတုန်းက ငါတို့တောင်ယုံပြီး ပို့စ်တွေတင်လိုက်တာ။ ငါတို့မှာ အရှက်တွေကွဲပြီးတော့ အဲဒီပို့စ်တွေပါ ပြန်ဖြုတ်ရတယ်။ နောက်ရက်ကျတော့ KNU မှာ စစ်ပညာသင်သွားတဲ့ PDF ရဲဘော်တွေပါတယ်။ KNU နယ်မြေ တပ်မဟာအသီးသီးကသွားတဲ့ ရဲဘော်တွေပါသလို တောင်ပိုင်းမှာရှိတဲ့ရဲဘော်တွေလည်းပါတယ်။ ရဲဘော်တွေအများကြီးကျတယ်။ ကျတဲ့ဟာတွေကျတော့ မင်းတို့ဖုံးကွယ်ထားတယ်။ တော်လှန်ရေးမှာ နိုင်တာတော့မှန်တယ်။ တို့တွေအားလုံးနိုင်နေတာပဲ။ ဒါပေမဲ့ ကျဆုံးမှုတွေ ပေးဆပ်မှုတွေရှိတယ်ဆိုတာ မင်းတို့ မဖုံးကွယ်နဲ့။ မင်းရဲ့ဆုံးဖြတ်ချက် မမှန်ကန်မှု။ မင်းတို့ ဥကရစ်ထ ဝင်တိုက်တယ်။ တခြားသောမဟာမိတ်အဖွဲ့တွေနဲ့ တိုင်ပင်ခြင်းမရှိဘူး။ ဗိုလ်ဒါဘောတို့ကိုလည်း တိုင်ပင်ခြင်းမရှိဘူး။ မရှိဘဲနဲ့ မင်းဘာသာ ဝင်လုပ်တာ။ ဗိုလ်အယ်ဆေးဝါးတို့ကိုလည်း မင်း တိုင်ပင်ခြင်းမရှိဘူး။ မင်းဘာသာမင်းဝင်တိုက်ပြီး မနိုင်တော့မှ ဗိုလ်ဒါဘောလုပ်ပါဦး။ ဗိုလ်အယ်ဆေးဝါးလုပ်ပါဦးဆိုပြီး မင်း ဖုန်းတွေဆက် အကူအညီတောင်းတာ။ အဲဒီအချက်အလက်တွေအကုန် ငါ့ဆီမှာရှိတယ်။ စခန်းတစ်ခုတိုက်တယ်ဆိုတာ ဒီစခန်းရဲ့ အဝင်အထွက်တွေကို အနည်းဆုံးနီးပါး နှစ်ပတ်၊ သုံးပတ်လောက် ဘယ်အချိန်မီးခိုးတိတ်တယ်။ ဘယ်အချိန်ထမင်းချက်တယ်။ ဘယ်အချိန်ကင်းချိန်းတယ်ဆိုတာကအစ လေ့လာပြီးမှ လုပ်ကြတာများတယ်။ အဲဒီလိုအဝင်အထွက်လည်းမလုပ်၊ ကွင်းလည်းမဆင်းဘဲ ဒါကို သွားပြီးတော့ တိုက်တယ်။ ဥကရစ်ထစခန်းကို လေးငါးခြောက်ရက်တိုက်တယ်။ ဟိုက လေယာဉ်က နာရီဝက်ဆိုရောက်လာတယ်။ တပ်မဟာ ၅ ဘက်မှာ ငါတို့ကြားဖူးတာ ဝါရင့်စစ်ပညာ တတ်ကျွမ်းတဲ့ KNU က ထိပ်သီးစစ်ကြောင်းမှူးတွေ၊ တပ်မှူးတွေ ပြောတာက စခန်းသိမ်းတယ်ဆိုတာက နာရီဝက်၊ တစ်နာရီအတွင်း လေယာဉ်မလာခင်အပြီးသိမ်းရတာ။ စခန်းကို အထပ်ထပ်လေ့လာပြီးမှ ဘက်ပေါင်းစုံက ညှပ်ပြီးတော့မှ သိမ်းရတာ။ အခုအဲဒီလိုမျိုးမဟုတ်ဘဲနဲ့ အဲဒီတုန်းကလည်း အလွဲလွဲအချော်ချော်နဲ့ ဖြစ်တယ်” ဟု ကိုရဲမင်းက ပြောသည်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်ဒေသ ဥကရစ်ထတိုက်ပွဲတွင် တပ်မတော်၏ ဥကရစ်ထစခန်းကို KNU နှင့် PDF ပူးပေါင်းတပ်များက သိမ်းဆည်းနိုင်ပြီဖြစ်ကြောင်း NUG ထောက်ခံသည့် သတင်းမီဒီယာများက ဖော်ပြခဲ့ပြီးနောက် KNU ပူးပေါင်းတပ်များ အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားမှုကိုမူ ဖော်ပြခဲ့ခြင်းမရှိဘဲ ကိုးလကြာ သတင်းဖုံးထားပြီးနောက် ဗိုလ်စလုံးက ပခုက္ကူခရိုင် တပ်ရင်း (၁၀) ထံမှ ထိုင်းဘတ်ငွေ ၁၇ သိန်းကို အလွဲသုံးစားလုပ်၍ ပြန်မပေးချိန် ကြားဝင်ကူညီသည့် ကိုရဲမင်းကို ခြိမ်းခြောက်ချိန်မှသာ ကိုရဲမင်းက ဥကရစ်ထစခန်းသိမ်းတိုက်ပွဲတွင် PDF များစွာ ကျခဲ့ကြောင်းနှင့် ဗိုလ်စလုံးကြောင့်ပင် ဖလူးလေးစခန်းတွင်လည်း PDF များစွာ ကျခဲ့ကြောင်း ဖွင့်ချခဲ့ခြင်းဖြစ်သည်။
“ဖလူးလေးစခန်းမှာလည်း အဲဒီလိုပဲ။ ဒီစခန်းကနေ အချိန်မီဆုတ်ခွာဖို့ အချိန်ရရဲ့သားနဲ့ SAC လူတွေ မင်းစခန်းလာ ဘီယာသောက်ပြီး မင်းကို ဂျင်းထည့်သွားတာကို ခံလိုက်ရပြီးတော့ အဲဒီတုန်းကလည်း ငါတို့ PDF ရဲဘော်တွေ အများကြီးကျဆုံးသွားတယ်နော် ကိုစလုံး။ ပြီးတော့ ငါ့ကိုပါ ဒီအမှန်တရားဖော်ထုတ်တော့ သတ်မယ်ဖြတ်မယ် ခြိမ်းခြောက်သေးတယ်။ တော်လှန်ရေးမှာ လူမိုက်လုပ်လို့မရဘူးကွ။ အရင်တုန်းက မင်း မာဖီးယားဆန်ဆန်လုပ်ခဲ့တာတွေ။ မင်းအရင်တုန်းက ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်တာတွေ ထားလိုက်တော့။ မင်း အရင်တုန်းကလည်း BGF မှာ ဗိုလ်တင်ဝင်းဆီသွားတယ်။ ဗိုလ်မုတ်သုန်ဆီသွားတယ်။ သေနတ်တွေမိုးပေါ်ထောင်ပစ်၊ ရမ်းကား။ အဲဒီမှာ မင်းနေလို့မရတော့ DKBA စောစတီးဆီသွားတယ်။ အဖိုးရွှေဝါးဆီမှာ ခိုလှုံတယ်။ မင်း ဟိုပြောင်းလိုက်၊ ဒီပြောင်းလိုက်။ ဘယ်မှနေလို့မရဘူး။ နောက်ကျတော့လည်း မင်း တော်လှန်ရေးထဲကို ဖလူးလေးစခန်းကနေ ခြံခုန်လာတယ်။ အဲဒီမှာလည်း ဒါမျိုးတွေလုပ်တယ်” ဟု ကိုရဲမင်းက ဆက်လက်ပြောသည်။
ယခင်က DKBA စစ်ကြောင်းမှူး ဗိုလ်စလုံးသည် ယင်းထံခိုဝင်လာသော PDF များနှင့် SAC တပ်များအား ပြန်လည်တိုက်ခိုက်ရာ တပ်မတော်က ပြန်လည်တိုက်ခိုက်မှုတွင် ဖလူးလေးစခန်းကျပြီးနောက် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ၏ KNDO စစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ် ဧပြီတွင် ပူးပေါင်းကာ KNDO ကွန်မန်ဒိုတပ်ရင်းသစ်(ဆင်ဖြူစစ်ကြောင်း) အဖြစ် အသွင်ပြောင်းခဲ့သည်။ ထို့နောက် စောနယ်ဒါးမြက အပြစ်မဲ့လမ်းလုပ်သား ၂၅ ဦးကို သတ်ဖြတ်မှုဖြင့် KNU မှ ထုတ်ပယ်ခံရချိန်၌ ကော်သူးလေအာမီ(KTLA) ကို ဖွဲ့စည်းရာတွင် ဗိုလ်စလုံးမှာ KTLA ဆင်ဖြူစစ်ကြောင်း၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောစလုံးဖြစ်လာခဲ့သည်။ ဥကရစ်ထစခန်းကို သိမ်းစဥ်က PDF များစွာ ကျခဲ့သော်လည်း Venom စစ်ကြောင်းကသာ ယင်းတို့စစ်ကြောင်းမှ ၈ ဦးကျခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ကျန် KNU နှင့် PDF ပူးပေါင်းစစ်ကြောင်းများကမူ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသော ဥကရစ်ထစခန်းသိမ်းပွဲတွင် PDF များစွာ ကျခဲ့မှုကို ယနေ့အချိန်အထိ ဖုံးကွယ်ထားဆဲဖြစ်သည်။
ဗိုလ်စလုံးအနေဖြင့် အရက်သောက်၍ မူးရူးရမ်းကားရန်ရှာခြင်းများလည်း ပြုလုပ်လေ့ရှိသဖြင့် ယင်း၏ဆင်ဖြူစစ်ကြောင်းမှ Unity PDF ၃၉ ဦးက နုတ်ထွက်ကာ KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြထံ ခိုလှုံမှုလည်း ယခုလဆန်းပိုင်းတွင် ဖြစ်ပွားထားသည်။