◾️ခိုးယူရာတွင် ပါဝင်သူတစ်ဦး၏မိဘက ဆိုင်ကယ်ကို အစား ပြန်ဝယ်ပေးမည်ပြော၍ ယင်းနှင့် ပြေလည်
၂၄. ၃. ၂၀၂၃
Written by Peya
ရွှေကူမြို့နယ်တွင် ပတ်စ်ပို့ဓာတ်ပုံလာရိုက်သူ သုံးဦးက ပတ်စ်ပို့ဓာတ်ပုံ အရိုက်ခံပြီးနောက် ဆိုင်ရှင်၏ ဆိုင်ကယ်ကို ခိုးယူသွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ခိုးယူရာတွင် ပါဝင်သူတစ်ဦးက ဝန်ခံကာ ဆိုင်ကယ်ကို အစား ပြန်ဝယ်ပေးကြောင်း အခိုးခံရသူ အရုဏ်ဦး ဓာတ်ပုံဆိုင်ပိုင်ရှင် ဦးကျော်ရွှေက MT News သတင်းဌာနသို့ ယနေ့ ပြောသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် မတ်လ ၂၃ ရက် နေ့လည်ပိုင်း ၂ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်တစ်စီးဖြင့်လာသည့် လူငယ်သုံးဦးက ဆိုင်တွင် ပတ်စ်ပို့ဓာတ်ပုံ အရိုက်ခံပြီးနောက် ပါဝင်သူတစ်ဦးက ဆိုင်အနီးရှိကမ်းနားတွင် ဓာတ်ပုံအရိုက်ခံလိုသည်ဟု ဆိုသည့်အတွက် ဓာတ်ပုံသွားရိုက်ပေးနေစဉ် တစ်ဦးက ဆိုင်ရှေ့ရပ်ထားသည့် ဆိုင်ကယ်ကို ခိုးယူ မောင်းနှင်သွားခဲ့ခြင်းဖြစ်ကာ ကျန်နှစ်ဦးက ဓာတ်ပုံဖိုး ငွေရှင်းကာ ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ခိုးယူခံရပြီးနောက် ဆိုင်ပိုင်ရှင်က ၎င်းတို့သုံးဦး၏ ပတ်စ်ပို့ ဓာတ်ပုံသုံးပုံကို မတ်လ ၂၃ ရက်၌ပင် လူမှုကွန်ရက်ဖေစ့်ဘွတ်ခ်တွင်တင်ပြီး ဆိုင်ကယ်ခိုးယူခံရကြောင်း၊ ၎င်းတို့ကို မြင်ဖူးသူများရှိပါက ဆက်သွယ်ပေးပါရန်နှင့် ကျေးဇူးဆပ်မည်ဟု ဖုန်းနံပါတ်နှင့်တကွ တင်ထားခဲ့ရာ သိရှိသူများက ဆက်သွယ်လာပြီး အကျိုးအကြောင်းကို ပြောကြားခဲ့ကြကြောင်း၊ မတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ဆိုင်ကယ်ကို ခိုးယူပြီး စီးသွားသူနှင့် ၎င်း၏ မိဘများက ဖုန်းဆက်လာကာ ဆိုင်ကယ်အစား ပြန်ဝယ်ပေးမည်ဖြစ်ကြောင်းနှင့် ၎င်း၏ ဓာတ်ပုံကို ဖြုတ်ပေးရန် မေတ္တာရပ်ခံချက်အရ ၎င်းတစ်ဦးတည်းပုံကို ပြန်ဖြုတ်ပေးထားပြီး ကျန်နှစ်ဦး၏ပုံကို ဆက်တင်ပေးထားကြောင်းလည်း ဦးကျော်ရွှေက ဆိုသည်။
“သုံးယောက်လုံး ပေါင်းကြံတာပေါ့။ ကတုံးနဲ့တစ်ယောက်က သူအားလုံးလျော်ပေးပါ့မယ်ဆိုပြီး မနက်က ဖုန်းဆက်တယ်။ ဆိုင်ကယ်က သူ့ဆီ မရှိတော့ဘူး။ ဆံပင်ဆေးဆိုးထားတဲ့ တစ်ယောက်ရယ်၊ ဆံပင်ဘေးခွဲထားတဲ့သူရယ်က ယူသွားပြီပေါ့နော်။ (ကတုံးနဲ့ တစ်ယောက်က) ဗန်းမော်ကပါ။ သူ့ပုံတွေ တင်တော့ ဗန်းမော်က လူတွေက အကို့ကို ဝိုင်း အကြောင်းကြားကြတာလေ။ သူက ဆိုင်ကယ် အသစ် ပြန်ဝယ်ပေးမယ်ဆိုပြီး ပြောတာ။ ဝယ်ထားပြီးပြီ လို့ ပြောတယ်။ သွားယူရုံပဲကျန်တော့တယ်။ အကို ဆိုင်ကယ်တော့ ပြန်မရတော့ဘူးပေါ့။ သူတို့ချင်း မပြေလည် ဖြစ်သွားကြတာပေါ့။ ယူသွားတဲ့ နှစ်ယောက်က အင်းတော် နဘားဘက်က” ဟု ၎င်းက ရှင်းပြသည်။
နဘားမြို့ဘက်က ဟု သိရသူနှစ်ဦးသည် ထောင်က ထွက်လာသည်မှာ တစ်လခန့်သာ ကြာသေးသည်ဟု ပြောကြကြောင်း ၎င်းက ဆိုသည်။
“လျော်ပေးရင်တော့ ပြေလည်ပါတယ် ပြောထားတယ်။ သူနဲ့ ပြောတာ အဆင်မပြေလို့ ဖြစ်မယ်။ သူယူသွားတာကြောင့် လျော်ပေးမယ် ပြောတော့ ပြေလည်ပါတယ်။ ပြောထားတာ။ သူ့မိဘကလည်း ငိုပြီး ပြောတယ်။ သူ့သားက အဲဒီလို မလုပ်ရဲဘူးပေါ့။ အခုမှ စိတ်ပေါက်သွားတယ် ဆိုတာနဲ့ ရှိတဲ့ ပစ္စည်းလေးတွေ ထုခွဲပြီးတော့ လျော်ပေးမယ် ပြောထားတာ။ မနက်က ဆိုင်ကယ်သွားဝယ်နေကြတော့ ကတုံးနဲ့ပုံကို ကျွန်တော် ပြန်ဖျက်ထားတာ” ဟု ဦးကျော်ရွှေက ရှင်းပြသည်။