၂၄. ၃. ၂၀၂၃
Written by Peya
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ယနေ့ မတ်လ ၂၄ ရက် နံနက်ပိုင်းက အမျိုးသမီးတစ်ဦး သောက်သုံးရေကန်အတွင်း ရေနစ်သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ သေဆုံးသူမှာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးမှူးဖြစ်ကြောင်း ဒေသခံများထံ MT News သတင်းဌာနက ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
သေဆုံးသွားသူမှာ အသက် ၅၇ နှစ်အရွယ်ရှိသူ ဒေါ်အုန်းတင်ဖြစ်ပြီး ပေါက်တောမြို့ရှိ အလယ်ပိုင်းရပ်ကွက် သောက်သုံးရေကန်အတွင်း ရေနစ်သေဆုံးသွားခဲ့ခြင်းဖြစ်ကာ အလောင်းကို နံနက်ပိုင်း ၆ နာရီ ၄၅ မိနစ်အချိန်တွင် ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ သိရတာကတော့ သူက မနက်ပိုင်းမှာ ရေထပြီး ခပ်လေ့ရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဆုံးတာဖြစ်မယ်။ ဒေါ်အုန်းတင်က အလယ်ပိုင်း ရပ်ကွက်ထဲမှာပဲ နေတာပါ” ဟု မြို့ခံ တစ်ဦးက ဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ပေါက်တောမြို့၊ အလယ်ပိုင်းရပ်ကွက်၊ ဘဲသောက်ရေကန်အတွင်း အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးနေကြောင်း သတင်းရရှိသဖြင့် ပေါက်တောမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ဆယ်ယူပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အထက်ပါ သေဆုံးမှုနှင့် ပတ်သက်၍ မည်သည့် အခြေအနေကြောင့် သေဆုံးရသည်ဟု သိရှိပါသလား၊ သံသယ ဖြစ်စရာရှိသည်ဟု သိရပါသလားဟု MT News က မြို့ခံထ ဆက်လက်မေးမြန်းခဲ့ရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဟု သိရကြောင်း ပြန်လည် ဖြေကြားပြီး ထိုဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဓမ္မတာအတိုင်းသေဆုံးမှု ဟုတ် မဟုတ် ဆက်လက်စစ်ဆေးနေပြီး ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။