MT News
Written by Thuta Zaw
ရခိုင်ပြည်နယ် ကျောက်တော်ရှိ ရထားလမ်းပိုင်း ၂ နေရာမှ ရထားသံလမ်း အချောင်း ၂၃၀ ကျော် ပျောက်ဆုံးနေသဖြင့် အမှုဖွင့်ထားကြောင်း တာဝန်ရှိသူများထံက မတ်လ ၂၃ ရက်တွင် သတင်းရရှိသည်။
ပျောက်ဆုံးခဲ့သောနေရာမှာ ကျောက်တော်မြို့နယ်၊ ကွမ်းချောင်းကျေးရွာအနီး မိုင်တိုင်အမှတ် ၃၃/၂၂၄ နှင့် ကာဒီကျေးရွာအနီး မိုင်တိုင်အမှတ် ၅၀/၀ မှ ၄၁/၁ ကြားတွင် ဖြစ်ပြီး ထိုသို့ ပျောက်ဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ မြန်မာ့မီးရထား၊ စီမံကိန်းနှင့် အင်ဂျင်နီယာရုံး မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း (စစ်တွေ)မှ တာဝန်ရှိသူက ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အပေါက်ဝနယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးခဲ့သည့်ပစ္စည်းများမှာ ကွမ်းချောင်းကျေးရွာအနီး ဖြစ်စဉ်တွင် အရှည် ၃၉ ပေသံလမ်း ၁၁၆ ချောင်း၊ ဂျွိုင်းပတ္တာ၊ မူလီ၊ ကလစ်နှင့် ဖျက်ဆီးခံထားရသည့် ကွန်ကရစ်ဇလီဖားတုံးများ အပါအဝင် ကာလတန်ဖိုးကျပ် ၂၉ သိန်းကျော်၊ ကာဒီကျေးရွာအနီး ဖြစ်စဉ်တွင် အရှည် ၃၉ ပေသံလမ်း ၁၁၆ ချောင်း၊ ဂျွိုင်းပတ္တာ၊ မူလီ၊ ကလစ်နှင့် ဖျက်ဆီးခံထားရသည့် ကွန်ကရစ်ဇလီဖားတုံးများ အပါအဝင် ကာလတန်ဖိုးကျပ် ၃၄ သိန်းကျော်၊ စုစုပေါင်းကျပ် ၆၃ သိန်းကျော် ကာလတန်ဖိုးရှိ ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။