MT News
Written by Nay Aung
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ပိုင်း ဆာမွတ်ပရာကန်ဒေသတွင် မီးတိုင်ထိပ်မှပြုတ်ကျခဲ့သောကြောင့် မြန်မာ နိုင်ငံသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါအဖြစ်အပျက်သည် Bang Phli Yai ဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မတ်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားသည် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းထိုင်းဘန်ပါလီရဲစခန်းက ပြောသည်။
မြန်မာနိုင်ငံသား နေဆန်းမောင်ဆိုသူကို မြေပြင်ပေါ်ရှိသွေးအိုင်ထဲတွင်လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသားသည် ဦးခေါင်းအနောက်ပိုင်းနှင့် မျက်နှာတို့တွင် ဒဏ်ရာများရကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
သေဆုံးသူ မြန်မာနိုင်ငံသား၏ သူငယ်ချင်းဖြစ်သူက နေဆန်းမောင်သည် လျှပ်စစ်သမားတစ်ဦးဖြစ်ပြီး လျှပ်စစ် ဝါယာကြိုးများတပ်ဆင်ရန် မီးတိုင်ပေါ်ကို လှေခါးဖြင့် တက်ရောက်ခဲ့ရာ အမြင့် ၆ မီတာပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ လှေကားဖြင့် မီးတိုင်ပေါ်ကို တက်ရောက်ချိန်အတွင်း ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ နေဆန်းမောင်ကို အကူအညီပေးရန် ပြေးသွားခဲ့သော်လည်း သေဆုံးသွားပြီဖြစ်ကြောင်း ၎င်း၏သူငယ်ချင်းများကပြောသည်။
နေဆန်းမောင်သည် အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မိခင် အပါအဝင် မိသားစုဝင်များနှင့်အတူနေထိုင်နေခြင်းဖြစ်ပြီး မိသားစုဝင်များကို အံအားသင့်တုန်လှုပ်စေခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ထိုင်း Bang Phli ရဲစခန်းမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံသားအလုပ်သမား သေဆုံးမှုနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသားနေဆန်းမောင် သေဆုံးသလိုမျိုး.ထပ်မံ
မဖြစ်စေရန် ညွှန်ကြားခဲ့ကြောင်းသိရသည်။ မီးတိုင်ကို မြေထဲတွင်စိုက်ထူထားခြင်းမဟုတ်သည့်အတွက် ဘေးကင်းစိတ်ချမှုရှိသောအခြေနေမျိုးမဟုတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ အဆိုပါ သေဆုံးမှုနှင့်ပတ်သက်ပြီး ပေါ့ဆမှုကျူးလွန်ကြောင်း တွေ့ရှိခဲ့ပါက အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
Ref——thuethainews