MT News
Written by Nay Aung
ထိုင်း အမြန်လမ်းရဲတပ်ဖွဲ့သည် ရက်ချာဘူရီပြည်နယ် Ban Khok Khaek ဒေသရှိ အုန်းသီးစက်ရုံတွင် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၃ ဦးကို မတ်လ ၂၂ ရက်က ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ရဲမှူးကြီး Somchai Chaikhan ဦးဆောင်သော အမြန်လမ်းရဲတပ်ဖွဲ့သည် Photharam အမြန်လမ်းတွင် ကင်းလှည့်စစ်ဆေးနေချိန်အတွင်း ခရီးသည်တင်ကားကို တွေ့ရှိစစ်ဆေးခဲ့ပြီးနောက် မြန်မာနိုင်ငံသားများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Nakhon Pathom ဒေသတွင် မှတ်ပုံတင်ထားသော ကားနံပတ် 90-4355 ကားပေါ်တွင် ထိုင်လျက်၊ မတ်တပ်ရပ်လျက် လိုက်ပါလာသော မြန်မာနိုင်ငံသား ၄၃ ဦးနှင့် ကားသမား Mr. Paiboon Chantharama တို့ကို စစ်ဆေးခဲ့ကြောင်း ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ပြောသည်။
စုံစမ်းစစ်ဆေးချိန်အတွင်း ကားပေါ်တွင်လိုက်ပါလာသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်ကိုင်ခွင့်များအတွက်အသိမှတ်ပြုကတ်များ၊ တရားဝင်စာရွက်စာတမ်းများမရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြော သည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၁၈ ဦး လိုက်ပါလာခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ကားမောင်းသမားက ကားပေါ်တွင်လိုက်ပါလာသောသူများကို မသိကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများကို ဆာမတ်ဆာခွန်ပြည်နယ် Ban Phaeo ဒေသမှ Ban Khok Khaek ဒေသရှိ စက်ရုံသို့ ပို့ဆောင်ပေးရန် ငှားရမ်းခံရခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။
ထိုင်းရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံသား ၄၃ ဦးနှင့် ထိုင်းနိုင်ငံသား ကားမောင်းသမားကို ဖမ်းဆီးကာ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။
Ref Manager Online