၂၄. ၃. ၂၀၂၃
Written by Hey Mar
ရန်ကုန်မြို့တွင် ဖမ်းမိသောမြွေများနှင့် ဘုရားစေတီပုထိုးများမှ အလှူခံရရှိသောမြွေများကို ပဲခူးရိုးမတောထဲတွင်သွားရောက်ဘေးမဲ့ လွှတ်ပေးခဲ့သော်လည်း အဆိုပါမြွေများအားလုံး အသက်ရှင်သန်နိုင်ရေးမှာ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း Wild life of myanmar Team မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
မြွေများသည် သူတို့ကျက်စားခဲ့သည့် နေရာမဟုတ်ဘဲ အခြားနေရာတစ်ခုသို့ ရောက်ရှိသွားသည့်အခါ အစာမရှာခြင်း၊ မိတ်လိုက်ရန် အဖော်မရှာခြင်း၊ ခိုနားစရာနေရာရှာဖွေခြင်း မရှိတော့သည့်အပြင် ထိုပတ်ဝန်းကျင်၌ မရပ်မနားလှုပ်ရှားသွားခြင်းဖြင့် စိတ်ဖိစီးကာ နောက်ဆုံး တခြားအင်အားကြီး သတ္တဝါတစ်ဦးဦး၏အစာ သို့မဟုတ် သေဆုံးခြင်း စသည်ဖြင့် ကြုံကြရကြောင်း Wild life of myanmar Team မှ တာဝန်ရှိသူက ရှင်းပြသည်။
“မြွေတွေကို ဖမ်းမိတဲ့အခါမှာ သူတို့ကိုမိတဲ့နေရာနဲ့ ကိုက် ၅၀၀ အတွင်းမှာ ပြန်လွှတ်ဖို့အရေးကြီးပါတယ်။ မြွေ ဟောက်ဆိုရင် ၁ ကီလိုမီတာ အတွင်း၊ အခြားမြွေများကို မီတာ ၅၀ အတွင်းပြန်လွှတ်ပေးရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖမ်းမိတဲ့အခါမှာ ပြန်လွှတ်ဖို့ ကိုက် ၅၀၀ ကိုကြည့်လိုက်ရင် လူနေအိမ်ခြေတွေဖြစ်နေတော့ အခုလို ဘေးမဲ့တောက သူတို့အတွက် အသင့်တော်ဆုံးလို့ ယူဆကြရတာပါ”ဟု ရန်ကုန်မြို့အတွင်း မြေအန္တရာယ်တွေ့ရှိပါက ဖမ်းဆီးအကူအညီပေးနေသူ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးတိုးအောင်က ပြောသည်။
ရာသီဥတုပူပြင်းလာခြင်း၊ မြွေများ ဥချသည့် ရာသီဖြစ်ခြင်းကြောင့် ယခင်ကထက် လူနေအိမ်ခြေများအနီးတွင် မြွေတွေ့ရှိရမှု ပိုမိုများလာနေကြောင်းကိုလည်း မြွေအန္တရာယ် ကြုံတွေ့လာပါက ဖမ်းဆီးအကူအညီပေးနေသူ ရွှေမေတ္တာပရဟိဖောင်ဒေးရှင်းမှ မရွှေလဲ့က “အဓိက,က ရာသီဥတုကြောင့်ပါ။ တွင်းထဲ မနေနိုင်ဘဲ အပြင်ထွက်လာကြတာ။ အဲဒီအခါ အစာရှာဖွေရင်း လူနေအိမ်ခြေနားတွေ၊ အိမ်ထဲတွေရောက်လာပါ။ လွန်ခဲ့တဲ့ ရက်ကပဲ ရွှေပြည်သာမှာ ငန်းစောင်းတစ်ကောင် လက်ဆေးဘေစင်ရဲ့ ပိုက်ကနေဝင်ပြီး ဘေစင်ထဲ ခွေနေတာ။ ကြွက်ပေါရင် မြွေလာနိုင်တယ်။ နောက်ပြီး အိမ်အပြင်ထုတ်ပြီး ဆက်သွယ်ထားရတဲ့ ရေဆင်းပိုက်တွေ ဘာတွေမှာ ဇကာတပ်ထားတာ၊ ဘေစင်အဝတွေမှာ ဇကာတားတာ ဒါတွေ လုပ်ထားသင့်ပါတယ်”ဟု အကြံပြုသည်။
နိုင်ငံ့လူဦးရေတိုးတက်လာသည်နှင့်အမျှ လူနေအိမ်ခြေများ များပြားလာသလို စီးပွားရေးအရ အဆောက်အဦချဲ့ထွင်မှုများလည်း ရှိလာသည့်အတွက် ၂၀၁၇ ခုနှစ် နောက်ပိုင်းမှစ၍ မြွေ ဖမ်းဆီးရမိမှုများ ခပ်စိပ်စိပ် များပြားလာနေကြောင်း သိရသည်။ ၆ နှစ်တာကာလ အတွင်း ဘေးမဲ့လွှတ်ပေးနေသည့် မြွေအကောင်ရေမှာ ၈၅၀ ကျော်သွားပြီဖြစ်ကြောင်း Wild life of myanmar နှင့် ပရဟိတအသင်းအဖွဲ့များပူးပေါင်းလုပ်ဆောင်သည့် စာရင်းဇယားများအရ သိရသည်။
ဖမ်းဆီးရမိဘေးမဲ့ လွှတ်ပေးရသည့် မြွေအများစုမှာ စပါး အုံးမြွေများဖြစ်ပြီး ၊ ငန်းစောင်း၊ လင်းမြွေ စသည့်အဆိပ်မဲ့ မြွေမျိုးများလည်း ပါဝင်ကြောင်းသိရသည်။ လာမည့် မတ်လ ၂၆ ရက်တွင်လည်း ရန်ကုန်တိုင်းအတွင်းမှ ဖမ်းဆီးရမိထားသည့်မြွေများအား ပဲခူးရိုးမတောအတွင်း ထပ်မံသွားရောက်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။