၂၄. ၃. ၂၀၂၃
Written by Tha Doe
ပခုက္ကူခရိုင် တပ်ရင်း (၁၀) ထံမှ ဘတ် ၁၇ သိန်းခန့်ကို အလွဲသုံးစားလုပ်ပြီး ပြန်မပေးသည့် NUG ဩဇာခံတပ်ရင်းမှူး ဗိုလ်စလုံးနှင့် ဇနီးဖြစ်သူအေးနိုင်ဖောတို့ကို ငွေပြန်ပေးရန် Live လွှင့်ပြောဆိုခဲ့သည့် ကိုရဲမင်း (AAC) အား ယင်း၏ ပြောကြားမှုများအတွက် တာဝန်ယူရမည်ဟု ကော်သူးလေအာမီ (KTLA) ၊ ဆင်ဖြူစစ်ကြောင်းမှတစ်ဆင့် ဗိုလ်စလုံးက မတ် ၂၃ ရက် ရက်စွဲဖြင့် ခြိမ်းခြောက်စာ ထုတ်မှုအပေါ် ပခုက္ကူခရိုင် တပ်ရင်း (၁၀) နှင့် ကိုရဲမင်းတို့က မတ်လ ၂၃ ရက် ညတွင်ပင် ပြန်လည်ဖြေရှင်းတုံ့ပြန်မှုပြုခဲ့သည်။
ဗိုလ်စလုံးနှင့် ဇနီးဖြစ်သူအေးနိုင်ဖောတို့ ပခုက္ကူခရိုင်တပ်ရင်း (၁၀) ထံမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ဘတ် ၁၇ သိန်း လိမ်လည်ယူထားသည့်ဖြစ်စဉ်အပေါ် ကိုရဲမင်း (AAC)က ယင်း၏ လူမှုကွန်ရက်အကောင့်မှတစ်ဆင့် ဗိုလ်စလုံးကို “ကိုစလုံး။ အညာသားကျောမွဲတွေရဲ့ ငွေ ဘတ် ၁၇ သိန်းကို ပြန်ပေးလိုက်ပါ။ တော်လှန်ရေးကို မျက်နှာမူပြီး အမုန်းခံတင်ပြခြင်း” ခေါင်းစဉ်ဖြင့် မတ်လ ၁၈ ရက်တွင် မိနစ် ၄၀ ကျော် Live လွှင့်ခဲ့သည်။
ထိုသို့ Live လွှင့်ရာတွင် NUG က ဖွဲ့စည်းပေးထားသည့် ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဗိုလ်စလုံးက ထိုငွေဘတ် ၁၇ သိန်း(ကျပ်သိန်း ၁၅၀၀ ခန့်) ကို ပခုက္ကူခရိုင် တပ်ရင်း (၁၀) ထံမှယူကာ တစ်နှစ်ကျော်ကြာ အကြောင်းအမျိုးမျိုးပြကာ ပြန်မပေးဘဲ အလွဲသုံးစားလုပ်ထားကြောင်း ကိုရဲမင်း ပြောဆိုခဲ့ခြင်းအပေါ် ဗိုလ်စလုံးက ပြန်လည် ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး ကိုရဲမင်းက”ဒီကိစ္စက ကိုစလုံးတစ်ယောက်တည်းယူထားတဲ့ကိစ္စဖြစ်တယ်။ ကော်သူးလေအာမီနဲ့ရော ဆင်ဖြူစစ်ကြောင်းနဲ့ရော မသက် ဆိုင်ဘူး။ ကိုစလုံးတို့ လင်မယားသာလျှင် ဖြေရှင်းရမှာဖြစ်တယ်။ ကိုစလုံးတို့ လင်မယားယူထားတဲ့ အထောက် အထားတွေကိုလည်း NUG-MOD လက်အောက်ခံ ပခုက္ကူခရိုင် တပ်ရင်း (၁၀) က ခိုင်လုံတဲ့သက်သေနဲ့မို့လို့ တစ်နှစ်ကျော်ကြာတောင်းတာတောင် ပြန်မပေးဘဲ ရန်လုပ်တာ အကူအညီတောင်းခံတာ မှန်ကန်ကြောင်းစာတွေ ထုတ်ထားတယ်။ ဒီကိစ္စက ကိုစလုံးကို ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ နာမည်ပျက်ပါစေဆိုပြီး ပြောတာမဟုတ်ဘူး။ ကိုစလုံးအနေနဲ့ အညာသားကျောမွဲတွေရဲ့ငွေ၊ နားကပ်လေးတွေ၊ လယ်လေးတွေ၊ ကျွဲနွားတွေရောင်းပြီး တော်လှန်ရေးဝင်လှုထားတဲ့ငွေတွေဖြစ်တယ်။ ယူထားတာလည်း မှန်ကန်တယ်။ ငွေအမောင့်တွေတော့ မသိဘူးပေါ့။ ကိုစလုံးဘက်က အမျိုးသမီးတစ်ယောက်ကတော့ ဘတ် ၁၃ သိန်းခွဲလို့ပြောတယ်။ ဘတ် ၁၇ သိန်းခွဲနဲ့ ၁၃ သိန်းခွဲတော့ ကွဲလွဲတယ်။ “…”အညာသားတွေဆီက ယူထားတဲ့ပိုက်ဆံကိစ္စအရင်ရှင်းပါ ကိုစလုံး။ လူတစ်ယောက်ကို အပုပ်ချနေရုံနဲ့ ဒီကိစ္စက မပြေလည်သွားဘူး”ဟု ဖြေရှင်းသည်။
ထို့အတူ ပခုက္ကူခရိုင် တပ်ရင်း (၁၀) ကလည်း ဗိုလ်စလုံးအလွဲသုံးစားလုပ်ပြီး ပြန်မပေးသည့် ထိုင်းဘတ်ငွေ ၁၇ သိန်း ပြန်လည်ရရှိအောင် တောင်းခံပေးပါရန် ကိုရဲမင်းကို အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း မတ်လ ၂၃ ရက်တွင်ပင် စာထုတ်ပြန်ခဲ့သည်။
ထို့ပြင် NUG- MOD လက်အောက်ခံ ဆင်ဖြူစစ်ကြောင်းအားကိုးဖြင့် စာထုတ်ခဲ့သည့် ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူးဗိုလ်စလုံး ခြိမ်းခြောက်မှုအပေါ် ကိုရဲမင်းက “မင်းရဲ့ အပုပ်နံတွေကြောင့် PDF လူငယ်တွေ ထွက်ပြေးကုန်လို့ တပ်ပျက်နေတဲ့ မင်းကိုကြောက်နေရင် ဒီပွဲကို ငါမကဘူး စလုံး။ ငွေယူထားတာ မင်းတစ်ယောက်ထဲ။ ဘာမှ မဆိုင်တဲ့ ကော်သူးလေအာမီပုံရိပ်ကို ယူသုံးနေတာ မင်းကိုယ်မင်း လိပ်ပြာမလုံဘဲ ကြောက်နေပြီး ကာဗာယူနေတာလား။ ပြည်သူတွေရဲ့ ငွေတွေ ပြည်သူ့ထံ အမြန်ဆုံး ပြန်ပေးလိုက်ပါ။ ပြီးရင် မင်းနဲ့ငါ ထပ်ရှင်းကြမယ်။ မင်းစာထုတ်တာ ငါရင်မခုန်ဘူး…“အေအေစီရဲမင်း””ဟု တုံ့ပြန်ခဲ့သည်။
မှတ်ချက်။ ။ ဗိုလ်စလုံးက ဆင်ဖြူစစ်ကြောင်းမှတစ်ဆင့် ခြိမ်းခြောက်ခဲ့သည့် ကနဦးသတင်းကို ဖတ်ရှုရန်