၂၄. ၃. ၂၀၂၃
Written by Ye Kyaw
လက်ရှိအစိုးရအနေဖြင့် မထွက်သင့်သည့်ဒေါ်လာများ အပြင်မထွက်အောင် ဆောင်ရွက်နေသဖြင့် မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ လာရောက်ရင်းနှီးမြှုပ်နှံမည်ဆိုပါက အခွင့်အလမ်းများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက ပြောသည်။
“နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့အညီ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေပြီးတော့မှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ တည်ဆောက်ရေးပစ္စည်းဆိုင်ရာတွေကို ထုတ်လုပ်ပေးနိုင်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ ထုတ်လုပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ အခွင့်အလမ်းများစွာကောင်းနေတာကို အသိပေးပြောကြားလိုပါတယ်” ဟု DICA ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။
လက်ရှိတွင် ဆောက်လုပ်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းသုံးပစ္စည်းများကို ပြည်ပမှ အဓိကတင်သွင်းနေပြီး လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်လျှောက်ထားရာတွင် အချိန်ကြာမြင့်ခြင်းများရှိနေသည်။ ပြည်တွင်း၌ ဆောက်လုပ်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းသုံးပစ္စည်းစက်ရုံများ လာရောက် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ရင်းနှီးမြှုပ်နှံသူ၊ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များအပြင် နိုင်ငံတော်အစိုးရပါ အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
“အစိုးရအနေနဲ့လည်း မထွက်သင့်တဲ့ ဒေါ်လာ မထွက်နိုင်ဘူးဆိုတဲ့ အကျိုးအမြတ်ပါ ရရှိစေမှာဖြစ်တဲ့အတွက် ဒီလုပ်ငန်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု DICA ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။
ထို့ပြင် ဓာတ်မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်း၊ သံမဏိနှင့် သံချောင်း ထုတ်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်တန်ဖိုးမြှင့်ထုတ်ကုန်များကိုလည်း ဦးစားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း DICA ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။
ပြီးခဲ့သည့် နှစ်ပေါင်း ၃၅ နှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းကဏ္ဍ ၁၂ ခုတွင် နိုင်ငံပေါင်း ၅၀ ကျော်က လာရောက်ရင်းနှီးမြှုပ်နှံထားပြီ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဘီလျံခန့်အထိရှိသည်။ ယင်းအနက် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၁၀၀ ကျော်ရှိ လုပ်ငန်းသုံးခုသာ လာရောက်ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ သုည ဒသမ ၁၁ ရာခိုင်နှုန်းသာရှိကြောင်း DICA မှ သိရသည်။