◾️NUG ၊ PDF များ၏ စစ်ရေးဆိုင်ရာကိရိယာများနှင့် ဆေးဝါးအများအပြား သိမ်းဆည်းခံရ
၂၃. ၃. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်အတွင်းရှိအဆောက်အအုံအချို့ကို ထိုင်းအစိုးရ အာဏာပိုင်အဖွဲ့များက မတ်လ ၂၂ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာအစိုးရအား ခုခံတော်လှန်ရင်း ဥပဒေနှင့်မညီ ရွှေ့ပြောင်းနေထိုင်ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား ၈၃ ဦးကိုဖမ်းဆီးမိခဲ့ပြီး စစ်ဘက်ကိရိယာများနှင့် ဆေးဝါးအထောက်အပံ့များကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်မှာ ထိုင်းအစိုးရ၏ PTT အများပိုင်ကုမ္ပဏီကို NUG က စင်ကာပူတွင် တရားစွဲမည်ဟု ပြောဆိုအပြီး ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ NUG နှင့် PDF အဖွဲ့ဝင်များကို ဖမ်းဆီးရာတွင် ထိုင်းစစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ ဒေသတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က မဲပ(Mae Pa) ခရိုင်ခွဲအတွင်း Ma Ruay villa ရှိ လေးထပ်အဆောက်အအုံ ၄၀ နီးပါးခန့်ကို မတ်လ ၂၂ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါအဆောက်အအုံများတွင် မြန်မာနိုင်ငံအတွင်းရှိ အစိုးရဆန့်ကျင်ရေးအုပ်စုဝင်များ နေထိုင်လျက်ရှိကြောင်း ထောက်လှမ်းရေးသတင်းများရရှိအပြီးတွင် ထိုစီးနင်းမှုကို ပြုလုပ်ခဲ့ခြင်းဟုသိရသည်။ ၎င်းတို့က အထူးသဖြင့် ယခုအခါတွင် ထိုင်း-မြန်မာ နယ်စပ်ကိုဖြတ်ကျော်ကာ အဆိုပါ မဲဆောက်ခရိုင်အတွင်း ထွက်ပြေးဝင်ရောက်လာနေသည့် PDF တပ်ဖွဲ့ဝင်များဖြစ်ကြောင်းလည်း သိရသည်။ ၎င်းတို့က အဆိုပါ Ma Ruay villa အိမ်ယာနှင့် အခြားသောအနီးရှိလူ့အဖွဲ့အစည်းရပ်ကွက်များရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအဆောက်အအုံများတွင် ငှားရမ်းနေထိုင်ကြခြင်းဖြစ်သည်။
စီးနင်းမှုအတွင်း အသက်အရွယ်စုံ မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို အဆောက်အအုံများအတွင်း တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။ ၎င်းတို့တွင် ကလေးများလည်းပါဝင်ကြောင်း သိရသည်။ အဆောက်အအုံများအတွင်း ကျည်ဆံများ၊ စစ်ဘက်ကိရိယာများနှင့်ဝတ်စုံများ၊ မောင်းသူမဲ့လေယာဉ်များ၊ အချို့သော အစိုးရဆန့်ကျင်ရေးအဖွဲ့များ၏ တံဆိပ်များနှင့် ဆေးဝါးအထောက်အပံ့များပါ သိမ်းဆည်းရမိခဲ့သည်။ ၎င်းတို့အနက် အများအပြားက ထွက်ပြေးခဲ့ကြရာ စုစုပေါင်း ကလေးများအပါအဝင် ဥပဒေနှင့်မညီ ရွှေ့ပြောင်းနေထိုင်သူ ၈၃ ဦးကို ဖမ်းမိခဲ့ခြင်းဟု သိရသည်။ ၎င်းတို့အားလုံးကို ထိုင်းအာဏာပိုင်များက စစ်မေးလျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောခဲ့သည်။
သတင်းအရင်းအမြစ်တစ်ခုအရ အဆောက်အအုံများမှာ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းမပြုမီ နှစ်အတန်ကြာစွန့်ပစ်ခံထားရခြင်းဖြစ်သည်ဟု ဆိုသည်။ အချို့သောရင်းနှီးမြှုပ်နှံသူများနှင့် မြန်မာနိုင်ငံသားများက ထိုအဆောက်အအုံများကို ငှားခဲ့ကြကာ အဆိုပါအိမ်ယာအတွင်း အစောင့်များလည်းတွေ့ရကြောင်း သိရသည်။
မဲဆောက်ခရိုင်အတွင်း မြန်မာနိုင်ငံမှ အစိုးရဆန့်ကျင်ရေးအုပ်စုများ၏ အဖွဲ့ဝင် ၅၀,၀၀၀ ခန့်က အလုပ်မျိုးစုံလုပ်နေကြကြောင်း၊ အချို့ဆိုလျှင် စားသောက်ဆိုင်များ၊ ဈေးဆိုင်များဖွင့်ထားကြကြောင်း၊ အချို့က အိမ်များ၊ ဟိုတယ်များတွင် ငှားရမ်းနေထိုင်ကြကြောင်း Matichon သတင်းစာကဖော်ပြခဲ့သည်။ ထိုင်းတာဝန်ရှိသူများက အဆိုပါ မြန်မာနိုင်ငံသား ဥပဒေနှင့်မညီ ရွှေ့ပြောင်းနေထိုင်ရောက်ရှိနေကြသူများက အချို့သော ပြည်ပအဖွဲ့အစည်းများမှ အထောက်အပံ့များရနေကြောင်း ပြောခဲ့သည်။
Ref–Bangkok Post