၂၃. ၃. ၂၀၂၃
Written by Tha Doe
ပခုက္ကူခရိုင် တပ်ရင်း (၁၀) ထံမှ ဘတ် ၁၇ သိန်းခန့်ကို အလွဲသုံးစားလုပ်ပြီး ပြန်မပေးသည့် NUG ဩဇာခံတပ်ရင်းမှူး ဗိုလ်စလုံးနှင့် ဇနီးဖြစ်သူ အေးနိုင်ဖောတို့ကို ငွေပြန်ပေးရန် Live လွှင့်ပြောဆိုခဲ့သည့် ကိုရဲမင်း (AAC) အား ယင်း၏ ပြောကြားမှုများအတွက် တာဝန်ယူရမည်ဟု ကော်သူးလေအာမီ (KTLA) က ယနေ့တွင် ခြိမ်းခြောက်စာ ထုတ်ပြန်ထားသည်။
ဗိုလ်စလုံးနှင့် ဇနီးဖြစ်သူအေးနိုင်ဖောတို့ ပခုက္ကူခရိုင်တပ်ရင်း (၁၀) ထံမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ဘတ် ၁၇ သိန်း လိမ်လည်ယူထားသည့်ဖြစ်စဉ်အပေါ် ကိုရဲမင်း (AAC)က ယင်း၏ လူမှုကွန်ရက်အကောင့်မှတစ်ဆင့် ဗိုလ်စလုံးအနေဖြင့် “ကိုစလုံး။ အညာသားကျောမွဲတွေရဲ့ ငွေ ဘတ် ၁၇ သိန်းကို ပြန်ပေးလိုက်ပါ။ တော်လှန်ရေးကို မျက်နှာမူပြီး အမုန်းခံတင်ပြခြင်း” ခေါင်းစဉ်ဖြင့် မတ်လ ၁၈ ရက်တွင် မိနစ် ၄၀ ကျော် Live လွှင့်ကာ NUG က ဖွဲ့စည်းပေးထားသည့် ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဗိုလ်စလုံးက ထိုငွေဘတ် ၁၇ သိန်း(ကျပ်သိန်း ၁၅၀၀ ခန့်) ကို ပခုက္ကူခရိုင် တပ်ရင်း (၁၀) ထံမှ တစ်နှစ်ကျော်ကြာ အကြောင်းအမျိုးမျိုးပြကာ ပြန်မပေးဘဲ အလွဲသုံးစားလုပ်ထားကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ပြည်သူတွေချွေးနည်းစာနဲ့ ရှာထားတဲ့ ငွေတွေကို ကိုစလုံးအနေနဲ့ ပြန်ပေးစေချင်ပါတယ်။ ကိုစလုံးအနေနဲ့ လက်ရှိ NUG က ဖွဲ့စည်းပေးထားတဲ့ ဆင်ဖြူစစ်ကြောင်းမှာလည်း တပ်ရင်းမှူးလို့ သိရတယ်။ အခု ဒီငွေတွေဟာဆိုရင် ကော်သူးလေအာမီမဖွဲ့စည်းခင်ကတည်းက ကိုစလုံးယူထားတဲ့ငွေတွေလို့ သိရတယ်။ ကော်သူးလေအာမီနဲ့တော့ မဆိုင်ဘူး။ ကိုစလုံးရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာဖြစ်တယ်။ လက်ရှိကတော့ ကိုစလုံးက ကော်သူးလေအာမီမှာ တပ်မှူးတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ သိရတယ်။ အဲဒီတော့ ကိုစလုံးရေ။ ကျွန်တော်လည်း အရင်တုန်းက ကိုစလုံးစခန်းမှာ နေခဲ့ဖူးတယ်။ ကိုစလုံးက လာတဲ့သူတိုင်းကို ကျည်ဆံတွေစိမ်ထားတဲ့ရေကို သစ္စာရေဆိုပြီး တိုက်တယ်လေ။ သစ္စာရေတိုက်တယ်။ ဒါပေမဲ့ ဒီတော်လှန်ရေးမှာတော့ အညာသားတွေရဲ့ပိုက်ဆံ ဘတ် ၁၇ သိန်းကို ပြန်မပေးတဲ့အပြင် သွားတောင်းတဲ့ ဒီရဲဂျာ(ပခုက္ကူခရိုင် တပ်ရင်း (၁၀) မှ တာဝန်ရှိသူ) ကိုလည်း ရန်လုပ်တယ်။ ရန်ရှာတယ်။ ဒီတော့ ကိုစလုံးရဲ့ သစ္စာရေတွေက ဘီယာသောက်လို့ သေးပေါက်တဲ့အထဲ ပါသွားပြီလား”ဟု ကိုရဲမင်းက Live လွှင့်ပြောခဲ့သည်။
ဗိုလ်စလုံးနှင့် ဇနီးအေးနိုင်ဖောက ငွေလိမ်ယူထားသည့် ပခုက္ကူခရိုင် တပ်ရင်း (၁၀) မှာလည်း NUG ၏ ဩဇာခံဖြစ်ပြီး ထိုသို့ လိမ်လည်အလွဲသုံးစားလုပ်မှုများကို ဆက်လုပ်နေပါက ဗိုလ်စလုံး မြောင်းထဲရောက်သွားမည်ဖြစ်ကြောင်းလည်း ကိုရဲမင်းက ပြောခဲ့သည်။
ထိုသို့ ကိုရဲမင်း၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး ဗိုလ်စလုံးက တပ်မှူးအဖြစ် တာဝန်ယူနေသည့် ကော်သူးလေတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်း ဆင်ဖြူစစ်ကြောင်း (PDF) က မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ချက်ထုတ်ရာ “ပခုက္ကူခရိုင်၊ တပ်ရင်း (၁ဝ)၊ တပ်ခွဲ (၂) မှ Online ပေါ်တွင် ဖော်ပြလာသော ကိစ္စနှင့် ပတ်သက်၍ ၎င်းတို့၏ တာဝန်ရှိသူ ဒီရဲဂျာဆိုသူမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောစလုံးထံသို့ ဖုန်းဖြင့် ဆက်သွယ်လာပြီ ဖြစ်သည့်အတွက် ဖြစ်ပေါ်နေသော အခက်အခဲပြဿနာများကို ဝိုင်းဝန်းကူညီဖြေရှင်းပေးသည့်အနေဖြင့်မဟုတ်ဘဲ မတိကျမရေရာသော လိမ်လည်ထားသည့် တစ်ဖက်သတ်စွပ်စွဲစော်ကားပြောဆိုမှုများ ပြုလုပ်နေသော ရဲမင်း ဆိုသူအား အသိပေးအပ်ပါသည်။ ယခုဖြစ်စဉ်သည် ကော်သူးလေတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်း ဆင်ဖြူစစ်ကြောင်း (PDF) ၏ ဂုဏ်သိက္ခာကို များစွာထိခိုက်ပြီး ယခုကဲ့သို့ အငြင်းပွားဖွယ်ရာကိစ္စများ ပေါ်ပေါက်လာပါက သက်ဆိုင်သူ ကာယကံရှင်များသာ တိုက်ရိုက်ဖြေရှင်းရမည် ဖြစ်သည့်အတွက် တော်လှန်ရေးကို ရှေးရှုသောအားဖြင့် တပ်ရင်းအမည်ဖြင့်သော်လည်းကောင်း၊ စစ်ကြောင်းအမည်ဖြင့်သော်လည်းကောင်း၊ တပ်ရင်းမှူး အမည်ဖြင့်သော်လည်းကောင်း မဟုတ်မမှန် စွပ်စွဲစော်ကားမှုများ နောက်ထပ် မပြုလုပ်ရန် ရဲမင်း ဆိုသူအား အသိပေးအပ်ပါသည်။ သို့ဖြစ်ပါ၍ အထက်ပါ အသိပေးချက်အား မလိုက်နာဘဲ ဆက်လက်ပြောဆိုနေမည်ဆိုပါက အဆိုပါ ရဲမင်း ၏ လူမှုကွန်ရက်တွင် Live လွှင့်ပြောဆိုထားမှုများအား တစ်ချက်ခြင်း မှတ်တမ်းသက်သေများဖြင့် ဖြေရှင်းသွားမည် ဖြစ်သည်။ ထိုသို့ ဖြေရှင်းသည့်အချိန်တွင် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ အကျိုးဆက်များအား အဆိုပါ ရဲမင်း ဆိုသူမှ တာဝန်ယူရမည် ဖြစ်သည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဗိုလ်စလုံးတို့၏ ကော်သူးလေတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်း ဆင်ဖြူစစ်ကြောင်း (PDF) က ပြောဆိုမှုများနှင့် ပတ်သက်ပြီးလည်း ကိုရဲမင်းက “ အမှန်တရားကို ဖော်ထုတ်ရင် အမုန်းခံ အတိုက်ခိုက်ခံရပါမယ်။ ဒါကိုကြောက်ရင် ဒီလမ်းကို ကျွန်တော်မလျှောက်ပါဘူး။ ခုတော့ အမုန်းခံရကျိုးနပ်ခါနီးနေပြီ” ဟုလည်း ဆက်လက်ပြောထားသည်ကို တွေ့ရသည်။
ကိုရဲမင်း (AAC) သည် ယခင်က ထိုင်းရောက်မြန်မာများအရေးလုပ်ဆောင်သူဖြစ်ပြီး လက်ရှိအချိန်တွင်လည်း PDF ထောက်ပို့အဖြစ် လုပ်ဆောင်နေသူဖြစ်သည့်အပြင် NUG ၏ အလုပ်သမားဝန်ကြီးဌာနနှင့်လည်း တွဲဖက်လုပ်ကိုင်နေသူဖြစ်ကာ ယင်း၏ AAC အဖွဲ့ကိုလည်း လက်ရှိအချိန်တွင် (Myanmar Humanitarian Action Centre) အဖြစ် ထိုင်းနိုင်ငံတွင် တရားဝင်ဖွဲ့စည်းမှတ်ပုံတင်လုပ်ဆောင်နေသူဖြစ်သည်။