၂၃. ၃. ၂၀၂၃
Written by Peya
လာမည့်နွေရာသီတွင် ရေရှားပါးမှုဖြစ်နိုင်သည့် စစ်တွေမြို့အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အစီအစဉ်ဖြင့် စက်ရေတွင်းတူးကာ ကန်တော်ကြီးရေကန်ကို ရေပြန်ဖြည့်သည့် စီမံကိန်း ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးလှသိန်း က MT News သို့ ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် မိုးရေချိန်ရရှိမှု နည်းပါးခဲ့သည့်အတွက် စစ်တွေမြို့၏ ရေပေးဝေရေး အသုံးပြုရာ ကန်တော်ကြီးရေကန်သို့ မိုးရာသီဝင်ရမည့် ရေအတိုင်းအတာ မရောက်ခဲ့သောကြောင့် နှစ်တိုင်းထက်စာလျှင် လေးပုံတစ်ပုံခန့် လျော့နည်းခဲ့ပြီး နွေရာသီတွင် စစ်တွေမြို့က အချိုရပ်ကွက်များ ရေပြတ်နိုင်သည့် အနေအထားဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စစ်တွေမြို့က ထူးခြားတာ ဘာတစ်ခုရှိလဲဆိုတော့ ရပ်ကွက်ထဲမှာ ဘယ်နေရာဖြစ်ဖြစ် အဝီစိတွင်းလေးတွေ တူးရင် ပေ ၆၀၊ ၇၀ ဆို ရေထွက်နေပြီ။ လူတိုင်းတော့ မတူးနိုင်ဘူး။ ပိုက်ဆံရှိတဲ့သူတွေကတော့ ကိုယ့်အိမ်ကိုယ် တူးထားတယ် ကြားတယ်။ လူတွေကတော့ ရေသွက်ဖြစ်လို့ ကန်တော်ကြီးရေကို သုံးချင်တာ။ မလောက်နိုင်တော့ ဘယ်လိုလုပ်မလဲပေါ့။ မကြာခင်က တပ်ချုပ်ကြီးရောက်လာတယ်။ ပြည်ထောင်စုက ဝန်ကြီးချုပ်ရောက်လာတော့ တင်ပြကြတာပေါ့။ ပြည်ထောင်စုဝန်ကြီးချုပ်က သဘောပေါက်ပြီး ပြန်မယ့်နေ့ မနက်မှာ ကန်တော်ကြီးကို ဖြစ်အောင်ကြည့်ခဲ့တော့ သူလည်း သိတာပေါ့။ နွေရာသီ မိုးမကျခင်မှာ ရက်ပေါင်း ၆၀ စာလောက်လိုမယ့် သဘောဖြစ်နေတယ်။ တပ်ချုပ်ကြီးရဲ့ အစီအစဉ်အတိုင်းပါပဲ။ စက်ရေတွင်းတွေ တူး၊ ကန်တော်ကြီးကို ရေထည့်ပေး ဒါဆို အဆင်ပြေသွားမယ်ဆိုပြီး အညာမှာ တူးတဲ့စင်ပါတဲ့ ကားကြီးနှစ်စီး ရောက်လာတယ်” ဟု ဦးလှသိန်းက ဆိုသည်။
အဆိုပါ ကားနှစ်စီးကို တောင်ကုတ်မှ တပ်မတော် ကမ်းထိုးယာဉ်ဖြင့် စစ်တွေမြို့သို့ သယ်ယူလာခဲ့ကာ လက်ရှိတွင် တူးနေပြီဖြစ်ပြီး ရသောရေကို ရေစုကန်တွင်ထည့်ကာ ရှစ်လက်မ ပိုက်ဖြင့် ကန်တော်ကြီးကို ရေတွန်းပို့မည်ဖြစ်ကြောင်းနှင့် ရေဝေသည့် အချိန်တွင် အဆိုပါရေကို ဖွင့်ပေးလိုက်ခြင်းဖြင့် ရေရှားပါးမှုကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ကာ ၂၄ နာရီ တူးနေကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်တလောတွင် တူးပြီးသားတွင်းမှရေကို စက်ဖြင့် ရေမောင်းတင်မည်ဆိုပါက တွင်းတစ်တွင်းလျှင် ရေထွက်အားမှာ တစ်ရက်လျှင် ဂါလန် ခြောက်သောင်းရှိမည်ဖြစ်ပြီး ယခု လေးတွင်းဖြစ်သည့်အတွက် တစ်နေ့လျှင် ရေဂါလန် နှစ်သိန်းလေးသောင်းရမည်ဖြစ်ကြောင်းလည်း သိရသည်။
“အခုက စင်နှစ်စင်နဲ့ တစ်ပြိုက်နက်တည်း တူးနေတာ။ တူးမယ့် ပွိုင့်က ၂၁ ပွိုင့် ရှိတယ်။ တစ်ကျင်း အဆင်မပြေရင် တစ်ကျင်းပေါ့။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကလည်း မိုးရာသီမှာ ရေအပြည့်ရှိတဲ့ သင်းကနက် ရေကန်ခေါ်တာပေါ့။ ဂေါက်ကွင်း ကပ်လျက်ပါပဲ။ အဲဒီ ရေကန်က မိုးရာသီဆို ပတ်ဝန်းကျင်က ရေဝင်တယ်။ အဲဒီ ရေကန်ကို အလယ်မှာ ရေကန်တွေချပြီးတော့ ကန်တော်ကြီးကို မိုးရာသီမှာ ရေတွန်းမှာပေါ့။ ” ဟု ၎င်းက ဆိုသည်။