၂၂. ၃. ၂၀၂၃
Written By Thandar
မကြာခင်က ထွက်ရှိခဲ့တဲ့ “ကမ္ဘာကျော်”တေးသီချင်း MTV ကို ငွေကျပ်သိန်း ၄၀ ဝန်းကျင် ကုန်ကျခံရိုက်ကူးထားတယ်လို့ အဆိုတော် ကျော်ကျော်နန္ဒက MT News ကို ပြောပါတယ်။
“အဲဒီလိုမျိုး သိန်း ၄၀ လောက် အကုန်ကျခံထားတယ်လို့ ပြောလိုက်ရင်လည်း ဆဲချင်ဆဲကြမှာပါ။ ဒီလိုအချိန်မှာ ဒါကို ဘာလို့ လုပ်တာလဲဆိုရင် ကျွန်တော်က ကျွန်တော် အကုန်ခံရတာလည်း မဟုတ်ဘူး။ ကျွန်တော်ကုန်တယ်ဆိုရင် အနုပညာခွန်အားလောက်ပဲ အားစိုက်ရတာပါ။၊ ကျန်တာကတော့ လုပ်ပေးတဲ့သူရှိတယ်။ သီချင်းက တစ်ရက်တည်း ရိုက်ထားတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက ရိုက်ထားတာဖြစ်တယ်။ ကိုယ်သုံးမယ့်အထဲက ၅ သိန်းဖိုး ရိုက်လိုက် ၆ သိန်းဖိုးရိုက်လိုက် လုပ်ခဲ့တာပါ၊ တချို့က ကုန်တာပဲ မြင်တယ်။ ကျွန်တော်တို့ သီချင်းဆိုတာပဲ မြင်ကြတယ်။ အလှူအတန်းလုပ်ရင် မမြင်တဲ့သူတွေ ရှိတယ်။ ကျွန်တော်တို့က အလုပ်လည်း လုပ်တယ်။ အလှူလည်း လှူတယ်”လို့ ကျော်ကျော်နန္ဒက ပြောပါတယ်။
သူ့ရဲ့ တေးသီချင်းတစ်ပုဒ်ထွက်ရှိချိန်တိုင်းမှာ ပရိသတ် ဝေဖန်မှုများစွာရရှိခဲ့ပေမယ့် “ကမ္ဘာကျော်” သီချင်းကိုလည်း အဝတ်အစားပိုင်းကအစ တင်ဆက်မှုပုံစံအဆုံးအထိ ပြင်ဆင်မှုတွေအပေါ် ပရိသတ်တွေက လက်ခံ အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီသီချင်းကလည်း လွန်ခဲ့တဲ့ ၄ နှစ်ကျော် ၅ နှစ်လောက်ကတည်းက လုပ်ထားတဲ့ သီချင်းဖြစ်လို့ မထွက်လို့မရလို့ကို ထွက်လိုက်ရတာလို့ဆိုပါတယ်။
“တကယ်ကို အားပေးတဲ့ ပရိသတ်တွေကျတော့ ရိုက်ကူးမှုတွေ၊ တင်ဆက်မှုတွေ လုပ်သွားတဲ့ ပုံစံ၊ ပါဖောင်းမန့်ကို ကြည့်ပြီး အားပေးကြတယ်၊။ သူပြီးပြီးရော ရိုက်ထားတာ မဟုတ်ပါလားဆိုတာမျိုး သိပြီး အားပေးကြတာပေါ့။ တချို့ကျတော့လည်း အားမပေးတာရော၊ ဝေဖန်တာလည်း ရှိတယ်။ အဲဒီလိုမျိုး လူတွေကိုလည်း မေတ္တာမပျက်ပါဘူး။ တောင်းပန်ပါတယ်။ ကျွန်တော့်သီချင်းက ဘယ်သူကိုမှ မစော်ကား၊ မထိခိုက်တဲ့ အလုပ်မျိုးတွေကိုတော့ ခွင့်လွှတ်နားလည်ပေးပါလို့ ပြောချင်ပါတယ်”လို့ သူက ဆက်လက်ပြောပါတယ်။
လက်ရှိမှာလည်း ကျော်ကျော်နန္ဒက မြန်မာ့ရိုးရာအတာသင်္ကြန်နဲ့ပတ်သက်တဲ့ “သင်္ကြန်ရူးလေး”တေးသီချင်းသစ်တစ်ပုဒ်ကို ထွက်ရှိဖို့ ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။