၂၂. ၃. ၂၀၂၃
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင် တို့သည် ရှီ၏ ချစ်ကြည်ရေးခရီး ဒုတိယရက်ဖြစ်သော မတ်လ ၂၁ ရက်တွင် နှစ်ဖက်ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြပြီးနောက် ပူးတွဲသတင်းစာရှင်းပွဲတစ်ရပ်ကိုပါ ကျင်းပခဲ့ကြကြောင်းသိရသည်။
တရုတ်သမ္မတ ရှီကျင့်ဖိန်က ၎င်းတို့နှစ်ဦးအနေဖြင့် ပွင့်လင်းသော၊ ရင်းနှီးသော၊ အကျိုးဖြစ်ထွန်းစေသော ဆွေးနွေးပွဲများကို ချစ်ကြည်ရေးခရီးအတွင်း ပြုလုပ်နိုင်ခဲ့ကြကြောင်း လည်းပြောခဲ့သည်။
ရှီ နှင့် ပူတင်တို့က “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ခေတ်သစ်ကာလအတွက် ပြည့်စုံကျယ်ပြန့်သော မဟာဗျူဟာမြောက်စီးပွားဖက်အဖြစ် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှု ကြီးမားနက်ရှိုင်းလာစေရန် ဆောင် ရွက်ရေး” သဘောတူညီချက်ကို လက်မှတ်ထိုးထုတ်ပြန်ခဲ့ကြသည်။ ထို့ပြင် သမ္မတနှစ်ဦးက အနာဂတ်ကာလတွင် တရုတ်-ရုရှားစီးပွားရေးပူးပေါင်းဆောင်ရွက်မှု၌ ဦးစားပေးဆောင်ရွက်မည့်ကိစ္စများအတွက် ၂၀၃၀ ပြည့်နှစ် အကြို ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်၊ နှစ်နိုင်ငံအကျိုးတူဆက်ဆံရေးများ တိုးတက်လာစေရန်အတွက် စီမံချက်များနှင့် အစီအစဉ်များပြုလုပ်မှုနှင့် နှစ်နိုင်ငံအကြားကျယ်ပြန့်သော အတိုင်းအတာဖြင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။
သမ္မတနှစ်ဦးက နှစ်ဖက် ဘက်စုံပုံစံနှင့် အဆင့်မြင့်စီမံချက်များခိုင်မာစေရန် လိုအပ်မှုများဖြည့်တင်းရေး၊ စွမ်းအင်ကဏ္ဍ၊ သဘာဝအရင်းအမြစ်များနှင့် လျှပ်စစ်သံလိုက်ဆိုင်ရာ ထုတ်ကုန်များ ကုန်သွယ်မှုတိုးချဲ့ရေး၊ စက်မှုဆိုင်ရာနှင့်ထုတ်လုပ်ထောက်ပံ့ရေးကွန်ရက်များ၏ ခံနိုင်ရည်ရှိမှုပိုမိုကောင်းမွန်စေရေး၊ ပြန်ကြားရေးနည်းပညာ၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စိုက်ပျိုးရေးနှင့်ဝန်ဆောင်မှုလုပ်ငန်းများတွင် ကုန်သွယ်မှုပြုရေး စသည့် နယ်မြေများတွင်ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရေး၊ သမားရိုးကျ ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုပြုရန်ပေါ်ထွန်းလာနေသော နယ်မြေများတွင် ပိုမိုကြီးမားသောဆက်သွယ်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေး၊ နယ်စပ်ဖြတ်ကျော်ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို ပိုမိုလွယ်ကူကောင်းမွန်ရေးတို့အတွက်လည်း ဆောင်ရွက်သွားရန် သဘောတူခဲ့ကြကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြသည်။
ဆွေးနွေးပွဲများ၌ နှစ်နိုင်ငံစလုံးကပင် ၎င်းတို့အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သည့်အားလျော်စွာ နိုင်ငံတကာအဖွဲ့အစည်းနှင့် လက်တွဲ၍ ကုလသမဂ္ဂ ပဋိညာဉ်၏ ရည်ရွယ်ချက်များနှင့်အခြေခံမူများအပေါ်အခြေခံလျက် နိုင်ငံတကာဆက်ဆံရေးတွင် အုပ်ချုပ်ရေးဆိုင်ရာအခြေခံစံနှုန်းများကို ထိန်းသိမ်းသွားမည်ဟု ပြောခဲ့ကြသည်။
တရုတ်နှင့် ရုရှားတို့သည် ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ BRICS နှင့် G20 တို့အပါအဝင် အများအကျိုးတူပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းများတွင် ပိုမိုအနီးကပ်ဆောင်ရွက်နေကြပြီး စစ်မှန်သော အများအကျိုးတူဘက်ပေါင်းစုံမှပူးပေါင်းဆောင်ရွက်ရေးဝါဒကိုကျင့်သုံးနေကြကာ ကိုဗစ်-၁၉ အလွန်ကာလ စီးပွားရေးပြန်လည်နာလန်ထူရေးကြိုးပမ်းနေကြကြောင်း နှစ်ဖက်စလုံးကပြောခဲ့ကြသည်။
Ref–Xinhua