၂၂. ၃. ၂၀၂၃
Written By Thandar
မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲအတွက် ရွှေကြိုမောင်မယ် ၂၂ ဦးထပ်မံရွေးချယ်မယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သိရပါတယ်။
“၂၀၁၉ ခုနှစ်အတွက် ရွေးချယ်ထားတဲ့ ရွှေကြိုမောင်မယ် ၂၀ ဦးထဲကနေပြီး ဒီနှစ်အကယ်ဒမီပေးပွဲမှာ ဆက်လက်ပါဝင်လုပ်ကိုင်ဖို့ ဆက်သွယ်လာတဲ့သူ ၈ ဦးရှိပါတယ်။ အဲဒီ ၈ ဦးကို မတ်လ ၂၁ ရက်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ပြန်လည်တွေ့ဆုံခဲ့တာပါ။ ရွေးချယ်ထားပြီးသားထဲက ၈ ဦးပဲ ပြန်လည်ပါဝင်မှာဖြစ်လို့ ဒီနှစ်ပွဲအတွက် နောက်ထပ်လျှောက်လွှာခေါ်ယူထားတဲ့ထဲကနေပြီး ၂၂ ဦးကို ထပ်ပြီးရွေးချယ်သွားမှာပါ ” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလမှာ ပြန်လည်ကျင်းပမယ့် အကယ်ဒမီဆုပေးပွဲမှာ ပြန်လည်ပါဝင်လာမယ့် ရွေးချယ်ပြီးသား ရွှေကြိုမောင်မယ် ၈ ဦးအပြင် ဒီနှစ် ရွှေကြိုမောင်မယ် လျှောက်ထားသူတွေထဲက ရွှေကြိုမောင်မယ် ၂၂ ဦးကို ရွေးချယ်ဖို့ကို မတ်လ၂၉ ရက် မနက်ပိုင်းနဲ့ ညနေပိုင်း အချိန်နှစ်ချိန်ခွဲပြီး လူရွေးချယ်ပွဲပြုလုပ်မယ်လို့ သိရပါတယ်။ ရွှေကြိုမောင်မယ်စိစစ်ရွေးချယ်ရေးအဖွဲ့အနေနဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ မေသဉ္ဇာဦးနဲ့ အကယ်ဒမီ စိုးမြတ်သူဇာတို့ ပါဝင်တယ်လို့ သိရပါတယ်။