MT News
Written by Nay Aung
မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ် ဘလာကရစ်နန်က ထုတ်ဖော် ပြောဆိုလိုက်သည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးသည် စင်ကာပူလွှတ်တော်အစည်းအဝေးအတွင်း စင်ကာပူအလုပ်သမားပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ Hougang Dennis Tan၏ မေးခွန်းကို တုံ့ပြန်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စင်ကာပူလွှတ်တော် ကိုယ်စားလှယ်က “မြန်မာ့နိုင်ငံရေး အခက်အခဲကိုဖြေရှင်းနိုင်ဖို့ အာဆီယံဟာ သဘောတူညီချက် ငါးချက်အတိုင်းလုပ်ဆောင်နေတာ ဒုတိယမြောက်နှစ်ကို ရောက်ရှိနေတယ်။ အာဆီယံသဘောတူညီချက်တွေ တိုးတက်မှုမရှိတဲ့အတွက် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကနေ ဆိုင်းငံ့၊ ထုတ်ပယ်တာမျိုးတွေ တောင်းဆိုသံတွေရှိနေတယ်။ စင်ကာပူအစိုးရကရော ဘယ်လိုမျိုးသဘောထားရှိနေသလဲ” ဟု မေးမြန်းခဲ့သည်။
ထိုသို့မေးမြန်းမှုအပေါ် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက “မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ရှိနေဆဲဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် ပြီးခဲ့သောလက ထိုင်းနိုင်ငံကိုရောက်ရှိချိန်အတွင်း မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်က ဆိုင်းငံ့၊ ထုတ်ပယ်ခြင်းများ ပြုလုပ်ရန်သဘောဆန်သော ပြောဆိုမှုများရှိခဲ့သည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ” မြန်မာ့နိုင်ငံရေးမှာပါဝင်နေတဲ့ အဓိကအဖွဲ့အစည်းများဟာ ပြည်သူတွေရဲ့အနာဂတ်အတွက် ကောင်းမွန်တဲ့ စိတ်ဆန္ဒများနဲ့အတူ တွေ့ဆုံဆွေးနွေးမှုများ မလုပ်ဆောင်ဘူးဆိုရင် ပြဿနာတွေကို ဖြေရှင်းလို့ရနိုင်မှာမဟုတ်ဘူး”ဟု မကြာသေးမီကလည်း ပြောဆိုခဲ့ဖူးသည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရေးပြဿနာသည် ခက်ခဲရှုပ်ထွေးသည့်အတွက် အချိန်တိုအတွင်း အဖြေရယူနိုင်ရန် မလွယ်ကူကြောင်း ပြောသည်။ မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံသည် မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ရန် ကြားဝင်ကြိုးပမ်းခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီလတွင် နစကခေါင်းဆောင်နှင့်တွေ့ဆုံကာ အာဆီယံသဘာတူညီချက်ငါးချက်ကို ရယူနိုင်ခဲ့သော်လည်း တိုးတက်မှုမရှိကြောင်း ဝေဖန်မှုများရှိနေသည်။
Ref —mothership