MT News
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများနှင့် ကိရိယာများ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၅၀ ဖိုး ထပ်မံပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့တွင် လက်နက်အမျိုးမျိုးနှင့် ကိရိယာများပါဝင်ကြောင်း မတ်လ ၂၀ ရက်တွင် ကြေညာခဲ့သည်။ ဘက်မွတ်မြို့(Bakhmut city)ကို ထိန်းချုပ်နိုင်ရန် နှစ်ဘက်တိုက်ပွဲများပြင်းထန်လာမှုနှင့် ရုရှားတို့ ၏ နွေဦးရာသီထိုးစစ် စတင်လာနိုင်မှုကို ယူကရိန်းတပ်ဖွဲ့များဘက်က ခုခံနိုင်ရန် ပေးပို့ရခြင်းဟုလည်း ကြေညာချက်ကဖော်ပြခဲ့သည်။
ဤပေးပို့မှုတွင် ရွေ့လျားလက်နက်ကြီးဒုံးပျံစနစ်အတွက် ဒုံးပျံအမျိုးမျိုးပါဝင်ကာ အရေအတွက်ဖော်ပြခြင်းမရှိသော လောင်စာဆီတင် ထရပ်ကားများနှင့် မြစ်ကြောင်းသွားရေယာဉ်များလည်း ပါဝင်သည်ဟုဆိုသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ယခုပေးပို့မှုတွင် ဟောင်ဝစ်ဇာအမြောက်ကြီးများအတွက် ခဲယမ်းများ၊ Bradley ခြေလျင်တပ်များအတွက် တိုက်ခိုက်ရေးယာဉ်များ၊ ရေဒီယိုဓာတ်သတ္တိကြွမှုတုံ့ပြန်နိုင်သော အမြန်သွားဒုံးကျည်များနှင့် တင့်ကားဖျက်လက်နက်များ ပါဝင်ကြောင်းလည်းပြောခဲ့သည်။
၎င်းက “ရုရှားအနေနဲ့ သူ့ဘက်ကစပြီး စစ်ကိုအဆုံးသတ်ဖို့လိုပါတယ်။ ရုရှားကစစ်ကိုအဆုံးသတ်သည်အထိ ကျွန်တော်တို့အနေနဲ့ ယူကရိန်းနဲ့အတူရပ်တည်သွားမှာပါ” ဟု ပြောခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖိန်က နိုင်ငံတော်ချစ်ကြည်ရေးခရီးအဖြစ် မော်စကိုသို့ရောက်ရှိလာသည့် မတ်လ ၂၀ ရက်၌ပင် အမေရိကန်က ယခုကဲ့သို့ ယူကရိန်းအား လက်နက်ခဲယမ်းနှင့်စစ်ပစ္စည်းများထပ်မံထောက်ပံ့သွားမည်ဟု ကြေညာခဲ့ခြင်းလည်းဖြစ်သည်။ ထို့မတိုင်မီ ရက်အတန်ကြာက ရုရှားသမ္မတ ပူတင်အား နိုင်ငံတကာရာဇဝတ်မှုတရားရုံးက ဖမ်းဝရမ်းထုတ်မှုမှာလည်း တရုတ်သမ္မတ၏ အလည်ခရီးကြောင့် နိုင်ငံရေးအရ ပျက်ပြယ်သကဲ့သို့ဖြစ်ခဲ့သည်။
အမေရိကန်အနေဖြင့် ရုရှား-ယူကရိန်းစစ်ပွဲစတင်သည်မှစ၍ ယူကရိန်းသို့ စစ်ရေးအထောက်အပံ့ ဒေါ်လာ ၃၂ ဒသမ ၅ ဘီလျံဖိုးပေးပို့ခဲ့ပြီဖြစ်ကြောင်းသိရသည်။
Ref—- AP