MT News
Written by Min Mahar
ကျောက်ပန်းတောင်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးတစ်ဦးအား မတ်လ ၂၀ ရက် နေ့လယ်ပိုင်းတွင် PDF အဖွဲ့များက ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၀ ရက် နေ့လည်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-တောင်သာသွားကားလမ်းဘေးရှိ မြင်သာတောင်ကျေးရွာမှ အသက် ၄၀ နှစ်အရွယ် အုပ်ချုပ်ရေးမှူးသည် နေအိမ်၌ရှိနေစဉ်အတွင်း PDF အဖွဲ့ဝင် ၂ ဦးသည်ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးသည် ဝဲနားထင်ကို ဖောက်ဝင်သွားသည့်ဒဏ်ရာ တစ်ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းနှင့် သေနတ်ဖြင့်ပစ်သတ်သွားသည့် အမည်မသိ အကြမ်းဖက်လူနှစ်ဦးအား အမြန်ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြင်သာတောင်ကျေးရွာအနီးပတ်ဝန်းကျင်များသို့ လိုက်လံပိတ်ဆို့ စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။