MT News
Written by Min Mahar
မတ်လ ၂၁ ရက် နံနက်ပိုင်းက နွားထိုးကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် ဆိုင်ကယ်မောင်းနေသူအမျိုးသားတစ်ဦးအား ဆိုင်ကယ်စီးလာသည့် သေနတ်သမားနှစ်ဦးက အနောက်မှ အလစ်အငိုက်တွင် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၁ ရက် နံနက် ၉ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် နေထိုင်သည့် အသက် ၄၇ နှစ်အရွယ်အမျိုးသားတစ်ဦးသည် နေအိမ်မှ နွားထိုးကြီးမြို့ပေါ်သို့ စူပါကပ်ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ကျေးရွာ၏ မူလတန်းကျောင်းရှေ့အရောက် အနောက်မှ အမည်မသိအမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့်လိုက်ပါလာပြီး သေနတ်အတိုဖြင့် ပစ်ခတ်၍ ညောင်ပင်သာကျေးရွာမှ ထန်းတော(မ)ကျေးရွာသွားသည့် တောလမ်းတိုင်း နွားထိုးကြီး-တောင်သာသွားကားလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
ယင်းသို့ လုပ်ကြံပစ်ခတ်ခဲ့မှုကြောင့် အဆိုပါအမျိုးသားသည် ဝဲဘက်နားထင်ကို ဖောက်ဝင်သွားသောဒဏ်ရာတစ်ချက်၊ ယာဘက်နားထင် ဖောက်ဝင်သွားသည့်ဒဏ်ရာတစ်ချက်နှင့် ဦးခေါင်းနောက်စေ့ကို ဖောက်ထွက်သွားသည့်ဒဏ်ရာနှစ်ချက်တို့ဖြင့် သေဆုံးသွားသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် နွားထိုးကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးရာ အခင်းဖြစ်ရာအနီးပတ်ဝန်းကျင်တွင် 9 MM THAIARMS ကျည်ခွံ ၄ ခုအား တွေ့ရှိ၍ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။