◾️မြန်မာနိုင်ငံက အဆင့် ၁၁၇ နေရာ ရပ်တည်နေပြီး ယမန်နှစ်ထက် အဆင့်မြင့်တက်
၂၁. ၃. ၂၀၂၃
Written by Pan Ei
ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်ကို ကမ္ဘာလုံးဆိုင်ရာ ပျော်ရွှင်မှုအဆင့် နှစ်စဉ် သတ်မှတ်ပေးလေ့ရှိတဲ့ World Happiness Report က ၂၀၂၃ ခုနှစ်အတွက် စာရင်းကို အပြည်ပြည်ဆိုင်ရာ ပျော်ရွှင်မှုနေ့ဖြစ်တဲ့ မတ်လ ၂၀ ရက်က ထုတ်ပြန်ခဲ့ရာမှာ ဖင်လန်နိုင်ငံက ခြောက်နှစ်ဆက်တိုက် ကမ္ဘာ့ပျော်ရွှင်စရာအကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
နိုင်ငံတွေရဲ့ ပျော်ရွှင်မှုအဆင့်သတ်မှတ်ချက်တွေဟာ လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေ၊ လူတစ်ဦးစီရဲ့ ဝင်ငွေ၊ ကျန်းမာရေး၊ လွတ်လပ်မှု၊ ရက်ရောမှုနဲ့ အကျင့်ပျက်ခြစားခြင်း နည်းပါးမှု စတဲ့ အချက်တွေအပေါ် အခြေခံပြီး အမှတ်ပေးကာ ရွေးချယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ်စာရင်းရဲ့ ထိပ်တန်းနေရာတွေမှာ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေကလိုပဲ နော်ဒစ်နိုင်ငံတွေက ဦးဆောင်ထားပြီး ဒိန်းမတ်နိုင်ငံက နံပါတ် (၂) နေရာ၊ အိုက်စလန်နိုင်ငံက နံပါတ် (၃) နေရာမှာ တည်ရှိနေပါတယ်။
အစ္စရေးနိုင်ငံဟာ အရင်နှစ်က နံပါတ် ၁၀ အဆင့်ကနေ ဒီနှစ်မှာ နံပါတ် ၄ နေရာကို အဆင့်တက်လာခဲ့ပြီး နယ်သာလန်က အဆင့် ၅၊ ဆွီဒင်က အဆင့် ၆၊ နော်ဝေက အဆင့် ၇၊ ဆွစ်ဇာလန်က အဆင့် ၈၊ လူဇင်ဘတ်က အဆင့်၉၊ နယူးဇီလန်က အဆင့် ၁၀ နဲ့ ထိပ်ဆုံး ၁၀ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။
မြန်မာနိုင်ငံက ၂၀၂၂ ခုနှစ်တုန်းက အဆိုပါ စာရင်းမှာ အဆင့် ၁၂၃ နေရာ ရပ်တည်ခဲ့ပေမဲ့ အခုနှစ်မှာတော့ အဆင့် ၁၁၇ နေရာကို ပြန်လည်မြင့်တက်လာခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အတွက် အဆင့် ၁၃၇ ဖြစ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံက ပျော်ရွှင်စရာမကောင်းဆုံးနိုင်ငံအဖြစ် ရွေးချယ်ခံခဲ့ရပြီး ရုရှားနိုင်ငံက အဆင့် ၇၀ နဲ့ ယူကရိန်းနိုင်ငံက အဆင့် ၉၂ အဖြစ် အသီးသီး ရွေးချယ်ခံခဲ့ရပါတယ်။
Ref; Forbes