၂၁. ၃. ၂၀၂၃
Translated by Htwe Ko Tun
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ မတ်လ ၂၀ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာသော တရုတ်သမ္မတ ရှီကျင့်ဖိန်က တရုတ်အစိုးရ၏ မဟာဗျူဟာရွေးချယ်မှုလမ်းကြောင်းအရ နှစ်နိုင်ငံအကျိုးတူဆက်ဆံရေးများကို အားပေးမြှင့်တင်သွားမည်ဟုပြောကြားခဲ့ကြောင်း တရုတ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုတ်၌ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် မတ်လ ၂၁ ရက်၌ ဖော်ပြခဲ့သည်။
တရုတ်သမ္မတ ရှီနှင့် ရုရှားသမ္မတ ပူတင်တို့၏ မတ်လ ၂၀ ရက်တွင် ပြုလုပ်သော တရားဝင်မဟုတ်သော ဆွေးနွေးပွဲအတွင်း ရှီ ထုတ်ပြန်ခဲ့သောကြေညာချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့ရာတွင် ခိုင်မာတောင့်တင်းပြီး ဖွံ့ဖြိုးတိုးတက်သော တရုတ်-ရုရှား ဆက်ဆံရေးကောင်းစွာပေးပေါက်လာရန်က တရုတ်အစိုးရ၏ မဟာဗျူဟာရွေးချယ်မှုလမ်းကြောင်းဖြစ်ကြောင်း၊ ၎င်းကို တရုတ်နိုင်ငံ၏ အခြေခံအကျိုးစီးပွားများအပေါ် အခြေခံလျက် ကမ္ဘာကြီး၏ဦးတည်ချက်များကိုဖြစ်ပေါ်စေကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အလေးပေးခဲ့သည်ကို တွေ့ရသည်။
ဆက်လက်၍ ရှီက တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကို ခိုင်မာစွာဆောင်ရွက်နေကြောင်းပြောခဲ့သည်။ ယူကရိန်းနိုင်ငံနှင့် ပတ်သက်၍ သမ္မတနှစ်ဦးထင်မြင်ယူဆချက်များကိုလည်း နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်းလည်း သိရသည်။ ရှီကျင့်ဖိန်က နိုင်ငံအများစုအနေဖြင့် တင်းမာမှုများလျော့ကျရေးကို ထောက်ခံခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ရေးဘက်မှ ရပ်တည်ခြင်းနှင့် လောင်စာကို လက်နက်သဖွယ်အသုံးမပြုခြင်း စသည့် အကြောင်းအရာများကို ပြောကြားခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ရှီက ပူတင်အား တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းပြဿနာကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းမှုကို မြှင့်တင်နိုင်ရန်အတွက် အပြုသဘောဆောင်သောကဏ္ဍမှဆက်လက်ပါဝင်သွားမည်ဟု ကတိပေးခဲ့ကြောင်းလည်းသိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ သုံးရက်ကြာ နိုင်ငံတော်ချစ်ကြည်ရေးခရီးလည်ပတ်ရန် မတ်လ ၂၀ ရက်တွင် မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
Ref–Tass