MT News
Written by Nay Aung
အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန် ကြိုးပမ်းရာတွင် ပြည်ပအင်အားကြီးနိုင်ငံများ ကြားဝင်စွက်ဖက်မှုများကိုရှောင်ရှားနိုင်ရန် ပညာရှိဆန်ဆန် လုပ်ဆောင်သင့်ပြီး ဒေသအတွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းရန်သတိထားဆောင်ရွက်ရန်လိုအပ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆာရီ ဇမ်ဘရီအဒူကာဒီယာက ထုတ်ဖော်ပြောဆိုလိုက်သည်။
အာဆီယံအနေဖြင့် မြန်မာနို့င်ငံရေးပြဿနာကိုအတူတကွဖြေရှင်းနိုင်ခြင်းမရှိပါက မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများကို ပြင်ပအင်အားကြီးနိုင်ငံများ၏ ကြားဝင်စွက်ဖက်နိုင်ဖွယ်ရှိသောအန္တရာယ်မျိုးဖြင့်ရင်ဆိုင်ရနိုင်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးကပြောသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက “အာဆီယံအဖွဲ့ဟာ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိဘူးဆိုရင် ဒေသအတွင်းမှာလည်း ပြဿနာတွေ ပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်။ ဒေသအတွင်းမှာလည်း ပထဝီနိုင်ငံရေး အားပြိုင်မှုတွေ ပိုမိုဖြစ်လာနိုင်တယ်။ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ချဉ်းကပ်လုပ်ဆောင်ရာမှာ အာဆီယံနည်းလမ်းအတိုင်းသာ လုပ်ဆောင်သင့်တယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ဆွေးနွေးတိုင်ပင်မှုမရှိဘဲ တစ်နိုင်ငံတည်းနဲ့ဖြေရှင်းဖို့မဖြစ်နိုင်ဘူး” ဟုဆိုသည်။
အာဆီယံသည် မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ရန် ကြိုးပမ်းရာတွင် အာဆီယံ သဘောတူညီချက်ငါးချက်အတိုင်း ထပ်မံလုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက “လက်ရှိအချိန်မှာ အာဆီယံ သဘောတူညီချက်ငါးချက်ကိုအခြေခံပြီး အာဆီယံရဲ့ကြိုးပမ်းမှုတွေ ပိုမိုကောင်းမွန်သင့်အောင်လုပ် ဆောင်ရမယ်။ ကာလအတန်ကြာ ဆက်လက်လုပ်ဆောင်ရဖွယ်ရှိနေတယ်။ ကျွန်တော်တို့ရဲ့ကြိုးပမ်းမှုတွေကို ဆက်လက်ထိန်းသိမ်းထားရမယ်။ မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ ကြိုးပမ်းရာမှာ စိတ်ပျက်စရာမလိုဘဲ ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အာဆီယံအဖွဲ့ခေါင်းဆောင်များသည် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် နစကခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးကာ အာဆီယံသဘောတူညီချက်ငါးချက်ကို ရယူခဲ့ကြောင်း အဆိုပါအာဆီယံသဘောတူညီချက်များ လက်ရှိအချိန်အထိ တိုးတက်ခြင်းမရှိသေးကြောင်း ဝေဖန်မှုများရှိနေသည်။
Ref —-malaymail