၂၁. ၃. ၂၀၂၃
Written by Nyein Kyaw
လျှပ်စစ်ကား(EV)ယာဥ်များ တစ်နိုင်ငံလုံး ပြေးဆွဲအသုံးပြုနိုင်ရန်အတွက် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-ပုသိမ်၊ မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်း စသည်တို့အပြင် နိုင်ငံ၏လမ်းကွန်ရက်အားလုံးတွင် EV Charging Station များတည်ဆောင်ရန် ကြိုတင်လေ့လာမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောကြားသည်။
“EV ယာဥ်များ တစ်နိုင်ငံလုံးပြေးဆွဲအသုံးနိုင်ရန်အတွက် အဓိကလမ်းမကြီးများဖြစ်တဲ့ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ပုသိမ်လမ်း၊ ဘုရားကြီး-သထုံ မော်လမြိုင်လမ်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးလမ်း၊ မိတ္ထီလာ-တောင်ကြီးလမ်း၊ မန္တလေး-ပြင်ဦးလွင်-လာရှိုးလမ်းစတဲ့ နိုင်ငံရဲ့ အသက်သွေးကြောလမ်းမကြီးတွေပေါ်မှာလည်း Charging Station များကို တည်ဆောက်ရန် ကြိုတင်လေ့လာမှုများ ပြုလုပ်ထားပြီးဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောကြားသည်။
လက်ရှိအချိန်အထိ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် စသည်တို့တွင် EV Charging Station နေရာ ၁၉ ခုကို တည်ဆောက်နိုင်ရန် ကုမ္ပဏီများကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ကာ အဆိုပါ EV Charging Station ၁၉ နေရာလုံးကို ယခုမတ်လတွင် အပြီးတည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း ဦးဝင်းဖေက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လျှပ်စစ်ကားများအတွက် Charging Stationကို နေပြည်တော်၊ သပြေကုန်းဈေး၌ မတ်လ ၄ ရက်တွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် Charging Station ကို ရန်ကုန်ဘူတာကြီးနှင့် သီရိမင်္ဂလာဈေးတို့တွင် မတ်လ ၁၉ ရက် နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်လျက်ရှိသည့် လျှပ်စစ်ကားများအတွက် Charging Station များအနက် ကျန်သုံးနေရာများဖြစ်သည့် အလုံသခင်မြပန်းခြံ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးယာဥ်ရပ်နားစခန်းနှင့် လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးယာဥ်ရပ်နားစခန်းတို့တွင် တည်ဆောက်လျက်ရှိသည့် Charging Station များကို ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။