MT News
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ခေါင်းဆောင် သမ္မတရှီကျင့်ဖိန် လိုက်ပါလာသော လေယာဉ်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ဗီနျူကိုဗိုလေဆိပ်(Vnukovo Airport) သို့ မော်စကိုစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၉ မိနစ်တွင် ရောက်ရှိလာခဲ့ကြောင်းသိရသည်။
Tass သတင်းဌာနမှထုတ်ပြန်ချက်အရ လေဆိပ်၏ အပြင်ဘက်တွင် တရုတ်သမ္မတ ရှီကျင့်ဖိန်စီးနင်းလိုက်ပါရန်အတွက် တရုတ်နိုင်ငံထုတ် Hong Qi ကားတစ်စီးက စောင့်ဆိုင်းနေကြောင်းလည်းသိရသည်။
တရုတ်သမ္မတ ရှီကျင့်ဖိန်က ရုရှားသမ္မတပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ နိုင်ငံတော်ချစ်ကြည်ရေးခရီး မတ်လ ၂၀ ရက်မှ မတ်လ ၂၂ ရက်အထိ လည်ပတ်ရန်ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ၏ အမျိုးသားကွန်ဂရက်က သမ္မတအဖြစ် တတိယသက်တမ်းတာဝန်ထမ်းဆောင်ရန်ရွေးချယ်ခံရပြီးနောက် ရုရှားနိုင်ငံသို့ ပထမဆုံးပြည်ပချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ သံတမန်ဆက်ဆံရေးအရ နိုင်ငံတော်ချစ်ကြည်ရေးခရီးက အဆင့်အမြင့်ဆုံးဖြစ်ကြောင်းလည်း သိရသည်။
ရုရှားအစိုးရအဖွဲ့လက်ထောက် ယူရီ ယူရှာကော့ဗ်က ရုရှားသမ္မတပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖိန် တို့သည် မတ်လ ၂၀ ရက် မွန်းလွဲပိုင်း၌ပင် ကရင်မလင်နန်းတော်တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲက မတ်လ ၂၁ ရက်တွင်လည်း ဆက်လက်ကျင်းပကာ ချစ်ကြည်ရေးခရီးအဖွဲ့ဝင်များလည်း နှစ်ဖက်စလုံးမှ ပါဝင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရှီကျင့်ဖိန်က ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှုစတင်နှင့်လည်း မတ်လ ၂၁ ရက် နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားကြောင်း သတင်းထောက်များကိုပြောခဲ့သည်။
၎င်းက ချစ်ကြည်ရေးခရီးက အမှန်တကယ်ပင် တိကျသော စီးပွားရေးဆိုင်ရာ ချစ်ကြည်ရေးခရီးဟုသတိပြုမိကြောင်း၊ သံတမန်ရေးဆိုင်ရာ အကြောင်းကိစ္စများလုံးဝမပါကြောင်း၊ အဓိကအကြောင်းက နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှု၊ ညှိနှိုင်းဆွေးနွေးမှု၊ ညှိနှိုင်းဆွေးနွေးမှုများပြုသွားရန်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref-Tass