MT News
Written by Thettant
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်တွင် ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦးအား ဒလန်ဟုဆိုကာ လုပ်ကြံသတ်ဖြတ်မှု မတ်လ ၂၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မတ်လ ၂၀ ရက် ညနေ ၅ နာရီကျော်က စမ်းချောင်းမြို့နယ်၊ ဆီဆုံလမ်းတွင် ဆေးတက္ကသိုလ်မှ ပြန်လာသော ဆေးတက္ကသိုလ်ဒုတိယနှစ်ကျောင်းသား ကိုဝင့်မိုးအောင်အား ရန်ကုန်မြို့ပြတော်လှန်ရေးအဖွဲ့များမှ PDF များက ပစ်ခတ်ရာ ကိုဝင့်မိုးအောင်ကို ကြိုဆိုသည့်အဒေါ်ဖြစ်သူ ဒေါ်ခင်မေကြည်နှင့် အခြားအိမ်နီးနားချင်းအမျိုးသမီးတစ်ဦးတို့ကို သေနတ်ထိမှန်ခဲ့ပြီး ကျည်ထိမှန်သူများကို ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ရာ ကိုဝင့်မိုးအောင်မှာ ဆေးရုံရောက်ရှိချိန်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
“သူ့အဖေက ဒုဗိုလ်မှူးကြီးဆိုပေမဲ့ အငြိမ်းစားပါ။ အရင်ကတော့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူး။ ကိုဝင့်မိုးအောင်ကတော့ ၂၀၁၉ တုန်းက ၆ ဘာသာဂုဏ်ထူးနဲ့အောင်ပြီး ဆေးတက္ကသိုလ်ဝင်ခွင့်ရသွားတာ။ တပ်မတော်သားမိသားစုတွေ ထူးချွန်စွာအောင်ရင် တပ်မတော်က ဂုဏ်ပြုတယ်လေ။ သူတို့လို တပ်မတော်သားရင်သွေးလည်းဖြစ် ဘာသာစုံဂုဏ်ထူးရှင်လည်းဖြစ်တယ်ဆိုရင် တပ်မတော်အကြီးအကဲတွေကိုယ်တိုင်က ဆုချီးမြှင့်တာက အစဥ်အလာပဲ။ အခုတော့ ရပ်ကွက်ထဲမှာ ကိုဝင့်မိုးအောင်က ဆုံးပြီ။ အဒေါ်ကတော့ အသက်လုနေရတယ်လို့ပြောနေကြတာပဲ။ အတိအကျကတော့ သူတို့မိသားစုပဲသိမယ်ထင်တယ်”ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ကိုဝင့်မိုးအောင်မှာ ဒလန်ဖြစ်ကြောင်း၊ ဒုတိယဗိုလ်မှူးကြီး၏ အငယ်ဆုံးသားဖြစ်ပြီး ဆေးကျောင်းတက်နေသူဖြစ်ကာ စမ်းချောင်းတွင် UG များနှင့် ဆေးကျောင်း CDM ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကို ဖမ်းဆီးရန် ထောက်လှမ်းရေးနှင့်ပေါင်းကာ ဦးဆောင်ပါဝင်လုပ်ကိုင်ခဲ့သူဖြစ်၍ ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။