MT News
Written by Hey Mar
အရက်သေစာသောက်စားပြီး ရေကန်အတွင်း ရေဆင်းကူးရာမှ သင်္ဘောသားနှစ်ဦး အသက်ဆုံးရှုံးရမှု သန်လျင်မြို့နယ်တွင် မတ်လ ၂၀ ရက် ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သန်လျင်မြို့နယ် ရွှေရောင်တွဲလက် ပရဟိတအဖွဲ့မှ တာဝန်ရှိသူက MT News သို့ ပြောသည်။
ဖြစ်စဥ်မှာ သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်တွင်နေထိုင်သူ သူငယ်ချင်းထံသို့ ဒလမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် နေထိုင်သူ သူငယ်ချင်း နှစ်ဦးမှ အလည်လာရင်း အရက်အတူသောက်ကာ ပဲခူးစု စက်ကန်ထဲသို့ ရေဆင်းကူးချိန် နှစ်ဦးရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေရောင်တွဲလက်အသင်းမှ အသင်းဥက္ကဋ္ဌက ” မသေဘဲကျန်တဲ့သူက ပြောပြတာကတော့ သူတို့ ၃ ဦးစလုံးက သင်္ဘောသားတွေလို့ ပြောတယ်။ ဒလနဲ့ အင်းစိန်က သူငယ်ချင်းနှစ်ဦးက သန်လျင်က သူ့ဆီကို သင်္ဘောပြန်ဆင်းလာခိုက် လာလည်ရင်းဆုံကြတာပေါ့။ အဲဒီမှာ
မသေဘဲ ကျန်ရစ်တဲ့သူက ရေကောင်းကောင်းမကူးနိုင်တော့ ရေတိမ်မှာပဲ သူက ကူးတာ။ ကျန်တဲ့နှစ်ယောက်ကတော့ ရေနက်တဲ့ဘက် ကူးတယ်လို့ ပြောတယ်။ ရေကူးနေရင်း တစ်ယောက်က ပြန်တက်လာသေးတယ်။ အဲဒီအချိန် ရေထဲကျန်ခဲ့တဲ့ သူငယ်ချင်းက ရေနစ်လို့ သူငယ်ချင်းဖြစ်သူက ဆင်းကယ်ရင်းနှစ်ဦးစလုံး ပေါ်မလာလို့ သူလည်းလိုက်ဆင်းသေးတယ် ပြောတယ်။ အဲဒီကနေမှ ကျွန်တော်တို့တွေဆီ စက်နဲ့ပေါက်ပြီး အကူအညီတောင်းလာတာပါ”ဟု MT News သို့ ပြောသည်။
ရေနစ်သူများကို ရှာဖွေကယ်ဆယ်ရာတွင် သန်လျင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရေငုပ်ရှာဖွေပေးခဲ့ပြီး ညနေ ၅ နာရီဝန်းကျင်တွင် ၂ ဦးစလုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။ သေဆုံးသူများမှာ ကိုပြည့်စုံ (၃၄ နှစ်)နှင့် ကိုသူရိန် (၄၀ နှစ်)တို့ ဖြစ်ကြောင်းသိသည်။ Dead Body များကို သန်လျင်ဆေးရုံသို့ ရွှေရောင်တွဲလက် ပရဟိတအသင်းမှ သူနာတင်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။