၂၀. ၃. ၂၀၂၃
Written by Nay Aung
အမေရိကန်နိုင်ငံ၏ အဓိကဘဏ်ကြီးများသည် လာမည့်ဧပြီလမှစတင်ပြီး မြန်မာနိုင်ငံနှင့် ဒေါ်လာလုပ်ငန်းကိစ္စများကို ဆိုင်းငံ့ဖွယ်ရှိနေကြောင်း သိရသည်။
နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ FATF က မြန်မာနိုင်ငံကို အန္တရာယ်ရှိသောနိုင်ငံစာရင်း သို့မဟုတ် အမည်ပျက်စာရင်းထဲ ထည့်သွင်းသတ်မှတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံအတွင်းရှိ အဓိကဘဏ်များသည် မြန်မာနိုင်ငံနှင့် အမေရိကန်ဒေါ်လာအရောင်းအဝယ်လုပ်ခြင်းကို ဆိုင်းငံ့ရန် စီစဉ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် အဓိကကဏ္ဍမှပါဝင်နေသော အမေရိကန်ဘဏ်များသည် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံရှိ ဘဏ်များနှင့် ဒေါ်လာလုပ်ငန်းလုပ်ကိုင်နေခြင်းကိစ္စများကို ဆိုင်းငံ့သွားဖွယ်ရှိနေကြောင်း ဘဏ်လုပ်ငန်းအသိုင်အဝိုင်းက ဆိုသည်။
အမေရိကန်ဘဏ်များသည် မြန်မာပြည်တွင်းဘဏ်များနှင့် အမေရိကန်ဒေါ်လာ လုပ်ငန်းကိစ္စများ ဆိုင်းငံ့ခဲ့မည်ဆိုလျှင် မြန်မာစီးပွားရေးလုပ်ငန်းတွင် ကြီးမားသောအရှုပ်အထွးများ ရှိလာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
JPMorgan Chase နှင့် New York Mellon ဘဏ်ကဲ့သို့သော အမေရိကန်၏ အဓိကဘဏ်များသည် မြန်မာနိုင်ငံရှိ ပြည်တွင်းဘဏ်များနှင့် ဒေါ်လာလုပ်ငန်းလုပ်ကိုင်နေခြင်းများ ရပ်တန့်မည့်အကြောင်းကို စင်ကာပူနိုင်ငံရှိ နိုင်ငံတကာကြားခံဘဏ်များထံ ပြောဆိုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ပြည်တွင်းဘဏ်များအပေါ် ယုံကြည်မှုနည်းပါးခြင်းကြောင့် အမေရိကန်ဘဏ်များသည် မြန်မာပြည်တွင်းဘဏ်များနှင့် ဒေါ်လာအရောင်းအဝယ်လုပ်ကိုင်နေခြင်းများဆိုင်းငံ့ရန် စီစဉ်လာခြင်းဖြစ်ကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။
FATF က မြန်မာနိုင်ငံရှိ ပြည်တွင်းဘဏ်များသည် အပြည့်အဝယုံကြည်ရခြင်းမရှိကြောင်း မှတ်ချက်စကားပြောဆိုခဲ့ပြီးနောက် အမေရိကန်ဘဏ်များက မြန်မာပြည်တွင်းဘဏ်များနှင့် ဒေါ်လာလုပ်ငန်း လုပ်ကိုင်မည့်ကိစ္စကို ဆိုင်းငံ့ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
FATF အဖွဲ့သည် ပြီးခဲ့သောနှစ် အောက်တိုဘာ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော အထွေထွေအစည်းအဝေးတွင် မြန်မာနိုင်ငံကိုအမည်ပျက်စာရင်းသွင်းခဲ့သည်။ မြန်မာပြည်တွင်းဘဏ်များအနေဖြင့် စင်ကာပူ သို့မဟုတ် အခြားတတိယနိုင်ငံရှိ ကြားခံဘဏ်များမှတစ်ဆင့် အမေရိကန်ဒေါ်လာကို ရယူနိုင်ရန် ရွေးချယ်လာဖွယ်ရှိနေကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းကို ထိန်းသိမ်းရန်ကြိုးပမ်းနေသော တောင်ကိုရီးယားကုမ္ပဏီများအနေဖြင့် သက်ရောက်မှုများတွေ့ကြုံလာရဖွယ်ရှိနေကြောင်းသိရသည်။
တောင်ကိုရီးယားစီးပွားရေး လုပ်ငန်းနှင့်နီးစပ်သူတစ်ဦးက ” မြန်မာနိုင်ငံနဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဒေါ်လာနဲ့ ငွေလွှဲနေတဲ့ ကုမ္ပဏီတွေဟာ နည်းဗျူဟာရေးဆွဲထားသင့်တယ်။ လုပ်ငန်းအခြေအနေများနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အခြေနေအမျိုးမျိုး ကြိုတင်စဉ်စားတုံ့ပြန်ဖို့လုပ်ဆောင်ထားမယ် ” ဟုဆိုသည်။
Ref —- theguru