၂၀.၃.၂၀၂၃
Translated by Htwe Ko Tun
မတ်လအတွင်း အမေရိကန်ုပြည်ထောင်စု၌ ဘဏ်ကြီးနှစ်ခုပြိုလဲခဲ့ပြီးနောက် ဖြစ်ပေါ်လာခဲ့သော ငွေရေးကြေးရေးဈေးကွက်၌ အထိတ်တလန့်ဖြစ်လာရမှုကို အရင်းခံ၍ ဘဏ်လုပ်ငန်းအခြေအနေထိခိုက်မှုရှိနေသော ဆွစ်ဇာလန်နိုင်ငံ၏ Credit Suisse ဘဏ်ကြီးအား ၎င်း၏ပြိုင်ဘက်လည်းဖြစ်သော ဆွစ်ဇာလန်၏ အကြီးဆုံးဘဏ်ကြီးဖြစ်သည့် UBS ဘဏ်ကြီးက ဝယ်ယူရန် မတ်လ ၁၉ ရက်တွင် သဘောတူခဲ့ကြောင်း သိရသည်။
ဆွစ်အမျိုးသားဘဏ်က ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ၌ “ယနေ့တွင် UBS ဘဏ်က Credit Suisse ဘဏ်ကို လွှဲ ပြောင်းရယူဖို့ ကြေညာခဲ့ကြောင်း၊ ၎င်းက လုပ်ငန်းထိခိုက်မှုရှိနေသည့် Credit Suisse ဘဏ်ကို UBS ဘဏ်က ဘဏ်အချင်းချင်း အရေးပေါ်ကယ်ဆယ်ရေးသဘောတူညီချက်အရ ဝယ်ယူရန်သဘောတူခဲ့ခြင်းဖြစ်ပြီး ငွေရေးကြေးရေး တည် ငြိမ်မှုနှင့် ဆွစ်ဇာလန်နိုင်ငံ၏ စီးပွားရေးကိုကာကွယ်ဖို့အတွက်ပါ ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း” ဖော်ပြခဲ့သည်။
UBS ဘဏ်က Credit Suisse ဘဏ်အတွက် ဆွစ်ဖရန့်ငွေ ၃ ဘီလျံ(ဒေါ်လာ ၃ ဒသမ ၂၅ ဘီလျံ) ပေးရမည်ဖြစ်ပြီး Credit Suisse ဘဏ်၏ အစုရှယ်ယာရှင်များအနေဖြင့် မတ်လ ၁၇ ရက်ဈေးနှုန်းအရ စတော့ရှယ်ယာတစ်ခုလျှင် ၁ ဒသမ ၈၆ ဆွစ်ဖရန့်ငွေရှိသောရှယ်ယာများအတွက် သုည ဒသမ ၇၆ ဆွစ်ဖရန့်နှုန်းဖြင့် လက်ခံရရှိမည်ဖြစ်ကာ ဘဏ်၏အစုရှယ်ယာရှင်များအား ဖယ်ထုတ်ပစ်မည်ဖြစ်သည်။ ဆွစ်အစိုးရက သဘောတူထားသော ဥပဒေအရ ထိုကဲ့သို့ လက်လွှဲဝယ်ယူရန်သဘောတူညီချက်က အစုရှယ်ယာပိုင်ရှင်များ၏ အတည်ပြုမှုမလိုအပ်ဟုလည်း သိရသည်။
Credit Suisse ဘဏ်က ရင်းနှီးမြှုပ်နှံသူများနှင့် သုံးစွဲငွေအပ်နှံသူများ၏ ယုံကြည်အားထားမှုကို ဆုံးရှုံးခဲ့ရသည်မှာ နှစ်နှင့်ချီ၍ရှိလာပြီဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ငွေရေးကြေးရေးအကျပ်အတည်းကာလမှစ၍ Credit Suisse ဘဏ်၏ ဆုံးရှုံးမှုများက စံချိန်တင်ခဲ့သည်။ မတ်လ ပထမပတ်အတွင်းမှာပင် Credit Suisse ဘဏ်က ၎င်း၏ ငွေရေးကြေးရေးဆိုင်ရာမှတ်တမ်းအစီရင်ခံမှုများအား သိမ်းဆည်းရာတွင် ကြီးကြပ်မှု၌ ချို့ယွင်းအားနည်းချက်များရှိနေကြောင်း ဝန်ခံခဲ့သည်။ တဖန် အမေရိကန်ဘဏ်ကြီးနှစ်ခုဖြစ်သော Silicon Valley Bank နှင့် Signature Bank တို့ ဆက်တိုက်ဆိုသလို ပြိုလဲမှုများဖြစ်ခဲ့ခြင်းက အတိုးနှုန်းမြင့်တက်မှုများဖြစ်ပေါ်လာခဲ့သည်တွင် ကမ္ဘာတစ်ဝန်းရှိ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာနည်းပါးသော ဘဏ်များသို့ပါ စိုးရိမ်မှုများကူးစက်ဖြစ်ပေါ်စေခဲ့ရာ Credit Suisse ဘဏ်တွင်လည်း စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
ထို့ကြောင့်လည်း သက်တမ်း ၁၆၇ နှစ်ရှိပြီဖြစ်သော Credit Suisse ဘဏ်၏ အစုရှယ်ယာများမှာ တစ်ပတ်အတွင်းမှာပင် ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ထိုသို့ ဘဏ်လည်ပတ်မှုအတွက်အဓိကဖြစ်သော ရင်းနှီးမြှုပ်နှံမှုများ လျော့ကျလာချိန်တွင် ငွေအပ်နှံသူများကလည်း တစ်နေ့လျှင် ဒေါ်လာ ၁၀ ဘီလျံအထိ ပြန်လည်ထုတ်ယူမှုများရှိခဲ့ပြန်သည်။ ဆွစ်အမျိုးသားဘဏ်ထံမှ အရေးပေါ်ချေးငွေအဖြစ် ဒေါ်လာ ၅၄ ဘီလီယံ ချေးငှားရန်အစီအစဉ်မှာလည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့်လည်း ဆွစ်ဇာလန်နိုင်ငံ၏ အကြီးမားဆုံးသက်တမ်းရှည်ဘဏ်ကြီးဖြစ်သည့် Credit Suisse ဘဏ်အနေဖြင့် ဘဏ်ပြိုလဲမှုမှကာကွယ်ရန်နောက်ဆုံးနည်းလမ်းအဖြစ် UBS ဘဏ်၏ အစုရှယ်ယာဝင်များကို ဆွဲဆောင်ကာ ဘဏ်အချင်းချင်း အရေးပေါ်ကယ်ဆယ်ရေးသဘောတူညီချက်အရ UBS ဘဏ်က Credit Suisse ဘဏ်ကို ဝယ်ယူရန်သဘောတူညီမှုကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref–CNN