၂၀.၃.၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရှိ ဘဏ် ၁၈၆ ခုတို့မှာ အတိုးနှုန်းများမြင့်တက်ခြင်းနှင့် အာမခံထားရှိခြင်းမရှိသော အပ်ငွေများ၏ အချိုးအစားမြင့်မားလာခြင်းတို့ကြောင့် Silicon Valley Bank ကဲ့သို့ ပြိုလဲမည့်အရေးနှင့် ရင်ဆိုင်ရနိုင်ကြောင်း နောက်ဆုံးသတင်းများက ဖော်ပြခဲ့ကြသည်။
လေ့လာချက်တစ်ခုအရ အကယ်၍သာ အဆိုပါဘဏ်များတွင် အာမခံထားရှိခြင်းမရှိသော အပ်ငွေများ၏ ထက်ဝက်ခန့်သာ လျင်မြန်စွာ ပြန်လည်ထုတ်ယူမှုပြုခဲ့ကြလျှင် ဘဏ်များအနေဖြင့် အပ်ငွေထားရှိသူများအားလုံးအတွက် လုံလောက်သောပစ္စည်းဥစ္စာများ မကျန်ရှိတော့သဖြင့် အာမခံထားရှိသေ ာအပ်ငွေများကိုပါ ထိခိုက်မှုများရှိလာနိုင်ကြောင်း ဖော်ပြခဲ့သည်။ ထိုကဲ့သို့ဖြစ်လာခဲ့လျှင် ပြည်ထောင်စုအပ်ငွေအာမခံကော်ပိုရေးရှင်း(FDIC) အနေဖြင့် ဝင်ရောက်စွက်ဖက်ရသည့်အခြေ အနေသို့ ရောက်ရှိလာမည်ဖြစ်သည်။ သို့ရာတွင် ထိုလေ့လာချက်က အတိုးနှုန်းများမြင့်တက်လာနေမှုမှ ဘဏ်များကို ကာကွယ်ရန်အရေးကြီးမှုကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။
ထို့ပြင် အကယ်၍သာ အာမခံထားခြင်းမရှိသော ဘဏ်အပ်ငွေများ၏ ထက်ဝက်ခန့်ကသာ ပြန်လည်ထုတ်ယူရန်ဆုံးဖြတ်ခဲ့ကြမည်ဆိုပါက အဆိုပါ ဘဏ် ၁၉၀ နီးပါးတွင် အာမခံထားသည့်ဘဏ်အပ်ငွေ ဒေါ်လာ ဘီလျံ ၃၀၀ ခန့်ကိုလည်း ထိခိုက်လာနိုင်သည့် အလားအလာများနှင့်အတူ အာမခံထားသည့်ဘဏ်အပ်ငွေများလည်း အန္တရာယ်ရှိလာနိုင်ကြောင်း သတင်းများကဖော်ပြခဲ့သည်။
Silicon Valley Bank ပြိုလဲရမှုက အတိုးနှုန်းများမြင့်တက်မှုနှင့် အာမခံထားခြင်းမရှိသော ဘဏ်အပ်ငွေများ အချိုးအစားမြင့်တက်မှုတို့ကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကို လက်တွေ့အားဖြင့် သက်သေပြခဲ့ခြင်းလည်း ဖြစ်သည်။ Silicon Valley Bank ၏ အတိုးနှုန်းများမြင့်တက်မှုကြောင့် ဘဏ်၏ပစ္စည်းဥစ္စာများ ဆုံးရှုံးတန်ဖိုးလျော့ကာ ငွေအပ်နှံသူများကိုလည်း စိုးရိမ်စိတ်များဖြစ်လာစေပြီး ၎င်းတို့၏အာမခံထားခြင်းမရှိသော အပ်ငွေများကို ပြန်လည်ထုတ်ယူမှုပြုခဲ့ကြသည်။ ၎င်း၏နောက်ဆုံးရလဒ်အနေဖြင့်မူ Silicon Valley Bank မှာ ငွေအပ်နှံသူများသို့ ၎င်း၏ ဆောင်ရွက်ရန်ရှိသည့်တာဝန်ဝတ္တရားများကို မပြုလုပ်နိုင်တော့ဘဲ ဘဏ်ပါပြိုလဲရသည့်အခြေအနေသို့ ရောက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ စီးပွားရေးပညာရှင်များက အစိုးရက ဝင်ရောက်စွက်ဖက်ကူညီမှု (သို့မဟုတ်) ထပ်မံရင်းနှီးထည့်ဝင်မှု မပြုလုပ်ပါက အဆိုပါ အမေရိကန်ပြည်ထောင်စုအတွင်းရှိ ဘဏ် ၁၈၆ ခုအနေဖြင့်လည်း Silicon Valley Bank ကြုံတွေ့ခဲ့ရသလိုပင် တူညီသောအခြေအနေ အန္တရာယ်နှင့် ကြုံတွေ့နိုင်ကြောင်း သတိပေးခဲ့သည်။
Ref–Business Today