ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လျှပ်စစ်ကားကို စမ်းသပ်မောင်နှင်မှုများ ပြုလုပ်
Written by Ye Kyaw
ရန်ကုန်မြို့တွင် လျှပ်စစ်ကားများအတွက် ပထမဦးဆုံး Charging Station ကို ရန်ကုန်ဘူတာကြီးတွင် မတ်လ ၁၉ ရက် ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ Charging Station ရှိ လျှပ်စစ်ကားများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းကိုယ်တိုင် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ခဲ့သည်။
မတ်လ ၁၉ ရက် (ယနေ့နေ့လည်ပိုင်း)တွင် သီရိမင်္ဂလာဈေးတွင် တည်ဆောက်လျက်ရှိသည့် လျှပ်စစ်ကားများအတွက် Charging Station ကိုလည်း ဆက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ယနေ့ဖွင့်လှစ်တဲ့ ရန်ကုန်ဘူတာကြီးအရှေ့မှာရှိတဲ့ Charging Station နဲ့ သီရိမင်္ဂလာဈေးမှာ တည်ဆောက်နေတဲ့ Charging Station ကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ EV ယာဥ်များအတွက် Charging Station များ ဖွင့်လှစ်ခြင်းဟာ ဒါက ဒုတိယအကြိမ်ဖြစ်ပြီး ရန်ကုန်မြို့မှာတော့ ပမထဦးဆုံးအကြိမ် စတင်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
ရန်ကုန်ဘူတာကြီးတွင် တည်ဆောက်နေသည့် လျှပ်စစ်ကားများအတွက် Charging Station ကို Essential Motor ကုမ္ပဏီမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ Charging Station တွင် လျှပ်စစ်ကားများ အားသွင်းမည်ဆိုပါက တစ်ယူနစ်ကို ၄၀၀ ကျပ် ကျသင့်မည်ဖြစ်ကာ လျှပ်စစ်ကားတစ်စီးအတွက် အားအပြည့်သွင်းမည်ဆိုပါက ၃၂,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း Essential Motor ကုမ္ပဏီ CEO က ပြောသည်။
အဆိုပါ Charging Station တွင် တက္ကစီပြေးဆွဲမည့် လျှပ်စစ်ကား ၇ စီးနှင့် အိမ်စီးကား ၃ စီး အားသွင်းလျက်ရှိပြီး စမ်းသပ်မောင်းနှင်ရန်အတွက် လျှပ်စစ်ကား ၂ စီး စီစဥ်ပေးထားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဆိုပါလျှပ်စစ်ကားများကို လှည့်လည်စစ်ဆေးခဲ့ပြီး ၎င်းကိုယ်တိုင် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်လျက်ရှိသည့် လျှပ်စစ်ကားများအတွက် Charging Station များအနက် ကျန်ရှိသည့် သုံးနေရာဖြစ်သည့် အလုံသခင်မြပန်းခြံ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေး ယာဥ်ရပ်နားစခန်းနှင့် လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးယာဥ်ရပ်နားစခန်းတို့တွင် တည်ဆောက်လျက်ရှိသည့် Charging Station များကို လာမည့် မတ်လ ၂၀ ရက်နှင့် ၂၅ ရက်တွင် ရန်ကုန်မြို့၌ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လျှပ်စစ်ကားများအတွက် Charging Station ကို နေပြည်တော်၊ သပြေကုန်းဈေး၌ မတ်လ ၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ပုံစာ- ရန်ကုန်မြို့၏ ပထမဦးဆုံး EV Charging Station ဖွင့်ပွဲနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရဖွဲ့ က စစ်ဆေးနေမှု၊ စမ်းသပ်မောင်းနှင်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရစဥ်