MT News
Written by Hey Mar
ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ မန်ခိုင်ရပ်ကွက်၊ ကွင်းအမှတ်(၂/မန်မိုင်ကွင်း)တွင် မတ်လ ၁၈ ရက် နေ့လည် ၂ နာရီခွဲခန့်က ရေတွင်းတူးရာမှ ကျား(၃)ဦး အောက်ဆီဂျင်ပြတ်လပ်ပြီး မတော်တဆ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်ဗဟိုမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဥ်မှာ မန်ခိုင်ရပ်ကွက်၊ ကွင်းအမှတ်(၂/မန်မိုင်ကွင်း )ရှိ နေအိမ်တစ်အိမ်တွင် ရေတွင်းတူးသည့် လုပ်သား ၃ ဦး အနက်ပေ ၅၀ ခန့်တွင် အောက်ဆီဂျင်ပြတ်လပ်သဖြင့် သတိမေ့နေကြောင်း သတင်းအရ မတ်လ ၁၈ ရက် နေ့လည် ၂ နာရီခွဲအချိန်ခန့်တွင် ဟိုပန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှာဖွေကယ်ဆယ်ရာတွင် ရေတွင်းတူးလုပ်သား ၃ ဦး၏ အသက်မဲ့ခန္ဓာကိုယ်များအား ရေတွင်းအပေါ်သို့ ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ကူညီဆောင်ရွက်ပေးသူ ဟိုပန်မြို့ မီးသတ်တပ်ဖွဲ့စခန်းမှ သန္ဓေမီးသတ်တပ်ကြပ်တစ်ဦးမှာ လုပ်ငန်းဆောင်ရွက်စဥ် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ဟိုပန်ပြည်သူ့ဆေးရုံးကြီးအရေးပေါ် ဌာနသို့ တင်ပို့ကုသခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဗဟိုမှ တာဝန်ရှိသူက MT News သို့ ပြောသည်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းစဥ်များကို ဟိုပန်မီးသတ်တပ်ဖွဲ့မှ ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ကျား(၃)ဦး (သေဆုံး)အား “ဝ”တိုင်းနာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် ဟိုပန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။