ICC ၏ ဆုံးဖြတ်ချက်က သင့်လျော်မှန်ကန်သည်ဟု ယူဆကြောင်း အမေရိကန်သမ္မတဘိုင်ဒန် ပြော
MT News
ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဆီးမှုပြုရန်အတွက် သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရား ရုံး(ICC)၏ ရုံးတင်စစ်ဆေးခြင်းမပြုမီဆုံးဖြတ်ချက်က ကျိုးကြောင်းသင့်လျော်မှန်ကန်သည်ဟုယူဆပါကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မတ်လ ၁၇ ရက်တွင်ပြောကြားခဲ့သည်။ သို့သော် အမေရိကန်အစိုးရကတရားရုံး၏ဆုံးဖြတ်ချက်ကို အသိအမှတ်မပြုခဲ့ကြောင်းလည်း သိရသည်။
ICC ၏ ပူတင်အပေါ်ဆုံးဖြတ်ချက်အတွက် သဘောထား မည်သို့ရှိသည်ကိုမေးခဲ့ရာ၌ ဂျိုးဘိုင်ဒန်က ဆုံးဖြတ်ချက်အား နိုင်ငံတကာက အသိအမှတ်ပြုခြင်းမရှိကြောင်း၊ သို့သော် ၎င်းက ထက်မြက်ထိရောက်သော အချက်တစ်ခုအဖြစ် ထင်မိကြောင်း ပြောခဲ့သည်။ ရုရှားသမ္မတပူတင်နှင့် တရုတ်သမ္မတရှီကျင့်ဖိန်တို့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည့်အပေါ် သဘောထားကို သတင်းထောက်များက မေးခဲ့ရာ၌ ၎င်းက မည်သည့်နေရာတွင်ပြုလုပ်ကြမည်နည်း၊စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဖြေခဲ့သည်။
မတ်လ ၁၇ ရက်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားနိုင်ငံ ကလေး သူငယ်အခွင့်အရေးမဟာမင်းကြီး မာရီယာ အယ်လ်ဗိုဗါ-ဘီလိုဗါတို့ကို ရုရှားသိမ်းပိုက်ထားသော ယူကရိန်းနယ်မြေများမှ ကလေးများနှင့် ပြည်သူများကို တရားမဝင်နှင်ထုတ်မှုကြောင့် စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း ပြောကြားကာ ဖမ်းဝရမ်းများထုတ်ခဲ့ခြင်းဖြစ်သည်။
ထိုဆုံးဖြတ်ချက်အပေါ် ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ရုရှားအစိုးရအနေနှင့် ICC ၏ဆုံးဖြတ် ချက်ကို အသိအမှတ်မပြုကြောင်းပြောခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူအမျိုးသမီး မာရီယာဇာခါရိုဗာကလည်း ICC ၏ဆုံးဖြတ်ချက်များက ရုရှားအတွက် မည်သို့မျှ အဓိပ္ပါယ်မရှိကြောင်း၊ ထိုကဲ့သို့ ဝရမ်းများက တရား ဝင်မှုလည်းမရှိကြောင်း ပြောခဲ့သည်။
ICC ကို ၁၉၉၈ ခုနှစ်တွင် Rome Statute နည်းဥပဒေအရဖန်တီးတည်ထောင်ခဲ့သည်။ သို့သော် ၎င်းက ကုလသမဂ္ဂ ၏ အစိတ်အပိုင်းမဟုတ်ဘဲ ထိုနည်းဥပဒေကို အတည်ပြုသည့်နိုင်ငံများကသာ တာဝန်ယူရမည်ဖြစ်သည်။ ရုရှားက ၎င်းကို လက်မှတ်ရေးထိုးထားသော်လည်းအတည်ပြုထားခြင်းမရှိပေ။ အမေရိကန်ပြည်ထောင်စုကမူ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပြန်လည်နုတ်ထွက်သွားခဲ့သည်။ တရုတ်နိုင်ငံကလည်း လက်မှတ်ရေးထိုးခြင်းမရှိပေ။ ၂၀၁၆ ခုနှစ်တွင် ပူတင်က ရုရှားသည် ICC အဖွဲ့ဝင်မဟုတ်ကြောင်းအမိန့်တစ်ခုကို လက်မှတ်ထိုးထုတ်ပြန်ခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ICC က နိုင်ငံတကာတရားစီရင်မှုအတွက် အမှန်တကယ် လွတ်လပ်သော အဖွဲ့အစည်းတစ်ခုမဟုတ်ဟု ပြောခဲ့သည်။