၁၉. ၃. ၂၀၂၃
Written by Ye Kyaw
ပြင်ပမှ ဝေဖန်နေမှုများကြောင့် တာဝန်ရှိသော ထွက်ခွာမှုဟုဆိုကာ မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍမှ Brand ကုမ္ပဏီနှစ်ခု ထွက်ခွာရန်ပြင်ဆင်နေမှုအပေါ် အလုပ်ပြုတ်သွားမည့် အလုပ်သမားများအတွက် မည်သို့တာဝန်ယူမည်နည်းဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြန်လည်မေးခွန်းထုတ်ခဲ့သည်။
မတ်လ ၁၉ ရက်တွင် ပြုလုပ်သော မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း သတ္တမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ဒေါ်ခိုင်ခိုင်နွယ်က အထက်ပါအတိုင်း ပြောသည်။
“ကျွန်မတို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းကို ပြင်ပကနေပြီးတော့မှ စွပ်စွဲပြောဆိုနေပြီးတော့ စွပ်စွဲတယ်လို့မပြောချင်ပါဘူးလေ။ ဝေဖန်နေကြပြီးတော့မှ သူတို့အနေနဲ့ ဒီကနေ ဝယ်သူတွေထွက်ခွာဖို့အတွက်ကို တောင်းဆိုနေတာရှိတယ်။ ဒါကြောင့်မို့ သူတို့သုံးတဲ့အသုံးအနှုန်းက တာဝန်ရှိသော ထွက်ခွာမှုလို့ သူတို့ပြောတာရှိပါတယ်။ တာဝန်ရှိသော ထွက်ခွာမှုလို့ သူတို့ပြောပြီးတော့မှ Brand နှစ်ခုက ထွက်ခွာဖို့ပြင်နေပါပြီ” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
ယင်းကဲ့သို့ တာဝန်ရှိသောထွက်ခွာမှုဟုဆိုကာ ထွက်ခွာသွားသည့် လုပ်ငန်းများအနေဖြင့် အလုပ်ပြုတ်သွားမည့် အလုပ်သမားများအတွက် မည်ကဲ့သို့ တာဝန်ယူမည်နည်းနှင့် နစ်နာဆုံးရှုံးမှုများအတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်နည်းဟု ပြန်လည်မေးခွန်းထုတ်ခဲ့ပြီး ယင်းကဲ့သို့ဖြစ်စဥ်များ ဖြစ်ပေါ်ခဲ့ပါက အသင်းသားများအနေဖြင့်လည်း အဆိုပါမေးခွန်းများကို ပြန်လည်မေးခွန်းထုတ်ရန် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒါပေမဲ့ ကျွန်မတို့ မေးခွန်းပြန်ထုတ်တာက တာဝန်ယူသော ထွက်ခွာမှုဆိုရင် သူတို့ဘာတွေလုပ်ပေးသလဲ။ အဲဒီမေးခွန်းတွေပြန်မေးဖို့ပါ။ သူတို့ဘာတာဝန်ယူပေးလဲ။ ဒီမှာအလုပ်သမားတွေ အလုပ်မရှိတော့ဘူးဆိုရင် အလုပ်ပြုတ်သွားရင် အလုပ်ကိုရှာပေးသလား။ နံပါတ် (၁) ဒီအလုပ်ပြုတ်သွားမယ့် အလုပ်သမားတွေကို လျော်ကြေးအတွက် ပိုင်ရှင်တွေ ပိုက်ဆံပေးသလား၊ ကူညီပေးလား။ နံပါတ် (၂) ဒါမှမဟုတ်လည်း သူတို့အနေနဲ့ ဒီအလုပ်သမားတွေရှေ့ရေးကို ကြည့်ပြီးတော့မှ တာဝန်ယူချင်တယ်ဆိုရင် အတူတူ အော်ဒါဆက်ပေးပြီးတော့မှ အလုပ်ဆက်ပေးသွားဖို့” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများသည် ပြည်ပမှ အထည်လိပ်ကုန်ကြမ်းများ တင်သွင်းကာ ပြည်တွင်းအထည်ချုပ်စက်ရုံများ၌ ပြန်လည်ထုတ်လုပ်သည့် လုပ်ငန်းအမျိုးအစား (CMP) စနစ်ဖြင့်သာ ဆောင်ရွက်နေရပြီး လက်ရှိတွင် အလုပ်သမားဦးရေ လေးသိန်းခွဲကျော် (အထူးသဖြင့်အမျိုးသမီးများ)ကို အလုပ်အကိုင်ပေးထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ယခုသီတင်းပတ်အတွင်း အိုင်ယာလန်နိုင်ငံအခြေစိုက် အဝတ်အထည်ဖက်ရှင်ကုမ္ပဏီဖြစ်သော Primark က ကြိုတင်သတိပေးချက်မရှိဘဲ ပိတ်ခဲ့သော ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှ ဝန်ထမ်း ၂၂၀၀ ကျော် အလုပ်အကိုင် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။
အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံအတွက် ဝင်ငွေရရှိသော အဓိကလုပ်ငန်းများထဲတွင် ပါဝင်နေပြီး တောင်ကိုရီးယားနှင့် တရုတ်တို့က မြန်မာအထည်ချုပ်လုပ်ငန်းတွင် အရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။