၁၈. ၃. ၂၀၂၃
Written by Ye Kyaw
ပြည်တွင်းရွှေဈေးကွက်အတွက် အခြေခံကျသည့် နိုင်ငံတကာအဆင့်မီအလေးချိန် စံချိန်စံနှုန်းများ သတ်မှတ်ရေး၊ ရွှေဈေးနှုန်းတွက်ချက်သည့် နည်းစနစ်များနှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးစီးဦးဆောင်ပါဝင်ပြီး ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့များပါဝင်သည့် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီသည် ပြည်တွင်းရွှေဈေးကွက်နှင့် ပတ်သက်၍ ရွှေဈေးသတ်မှတ်ပုံ စံချိန်စံနှုန်း အရည်အသွေးနှင့် ရွှေသန့်စင်ထုတ်လုပ်မှုကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။
ယင်းကဲ့သို့ ဆွေးနွေးရာတွင် ပြည်တွင်း၌ ရွှေဈေးနှုန်းတွက်ချက်မှုသည် ကမ္ဘာ့ရွှေဈေးကွက်များ၌ အရောင်းအဝယ်ပြုလုပ်သကဲ့သို့ စံသတ်မှတ်ထားသည့် အလေးချိန်တွက်ချက်မှု၊ ရွှေသန့်စင်မှုအရည်အသွေးများ စနစ်တကျတွက်ချက်အခြေခံထားမှုမရှိဘဲ မိရိုးဖလာတွက်ချက်နည်းများဖြင့်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် နေ့စဥ်ဖြစ်ပေါ်လျက်ရှိသည့် ဈေးနှုန်း၊ ကမ္ဘာ့ရွှေဈေးနှုန်း၊ အမေရိကန်ဒေါ်လာဈေး၊ ထိုင်းဘတ်ဈေး၊ တရုတ်ယွမ်ဈေးတို့ဖြင့်လည်းကြောင်း၊ ကောလာဟလ သတင်းတို့ဖြင့်လည်းကောင်း ရွှေဈေးနှုန်းအမျိုးမျိုး သတ်မှတ်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် မြန်မာ့ရွှေကို နိုင်ငံခြားသို့ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်းပြုလုပ်ရာတွင် ပိုမိုထိရောက်စေရန်အတွက်လည်းကောင်း၊ ပြည်တွင်း၌လည်း ဝယ်ယူရင်းနှီးမြှုပ်နှံသူများ စိတ်ချရသည့် အရည်အသွေးစံသတ်မှတ်ချက်များ၊ အလေးချိန်စံသတ်မှတ်ချက်များ သတ်မှတ်နိုင်ရေး၊ လိုင်စင်မရှိဘဲရောင်းဝယ်နေမှုများကို ဥပဒေနှင့်အညီအရေးယူနိုင်ရေး၊ ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့်ရောင်းဝယ်နေမှုများ ပပျောက်စေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆွေးနွေးမှုများအရ ပြည်တွင်း ရွှေဈေးကွက်အတွက် အခြေခံကျသည့် နိုင်ငံတကာအဆင့်မီ အလေးချိန် စံချိန်စံနှုန်းများ သတ်မှတ်ရေး၊ ရွှေဈေးနှုန်းတွက်ချက်သည့် နည်းစနစ်များနှင့် အရည်သွေးဆိုင်ရာ သတ်မှတ်ရေးအတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းမည်ဖြစ်ကြောင်း ဖော်ပြထားသည်။