၁၈.၃.၂၀၂၃
Translated by Htwe Ko Tun
မြောက်ကိုရီးယားပြည်သူ ၈၀၀,၀၀၀ ခန့်က အမေရိကန်နှင့်တိုက်ခိုက်သွားရန်အတွက် အပျော်တန်းစစ်မှုထမ်းရန် (သို့မဟုတ်) စစ်ဘက်အမှုထမ်းရန် စာရင်းပေးသွင်းထားကြကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် Rodong Sinmum သတင်းစာက မတ်လ ၁၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။
Rodong Sinmum သတင်းစာဖော်ပြမှုအရ အမေရိကန်အား တိုက်ခိုက်ရေးအတွက် မတ်လ ၁၇ ရက်တစ်ရက်ထဲမှာပင် ကျောင်းသားနှင့် အလုပ်သမား ၈၀၀,၀၀၀ ခန့်က အပျော်တန်းစစ်မှုထမ်းရန် (သို့မဟုတ်) စစ်ဘက်အမှုထမ်းရန် စာရင်းပေးသွင်းခဲ့ကြခြင်းဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။
အမေရိကန်နှင့်တောင်ကိုရီးယားတို့ ပူးပေါင်းပြုလုပ်လျက်ရှိသော စစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်ရန်အတွက် ဟွာဆုန်း-၁၇ တာဝေးပစ်တိုက်ချင်းပစ်ဒုံးပျံအား စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားက ဤသို့ ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားသမ္မတက နျူကလီယားလက်နက်ပိုင်ရှင် မြောက်ကိုရီးယားအား တုံ့ပြန်ရေးအတွက် ဂျပန်နှင့်ဆွေးနွေးရန် တိုကျိုမြို့သို့မသွားမီ နာရီအတန်ကြာအလိုတွင် မြောက်ကိုရီးယားက ဟွာဆုန်း-၁၇ တာဝေးပစ် တိုက်ချင်း ပစ်ဒုံးပျံအား ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်နိုင်ငံတို့အကြားသို့ မတ်လ ၁၆ ရက်က ပစ်လွှတ်ခဲ့သည်။
မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးပျံများက ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များအရ စမ်းသပ်ပစ်လွှတ်မှုများ ပိတ်ပင်ခံထားရပြီး ၎င်းတို့အား စမ်းသပ်ပစ်လွှတ်မှုကို တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံအစိုးရများက ရှုတ်ချထားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကလည်း တောင်ကိုရီးယားနှင့် အမေရိကန်တို့က Freedom Shield 23 ဟု အမည်ပေးထားသည့် ၁၁ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကဲ့သို့ အခြားစစ်ရေးလေ့ကျင့်မှုများလည်း တိုးတက်လုပ်ဆောင်ကာ တင်းမာမှုများဖြစ်စေရန် ဖန်တီးနေကြောင်း စွပ်စွဲခဲ့သည်။
Ref—– Reuters