၁၈.၃.၂၀၂၃
Translated by Htwe Ko Tun
ဗြိတိနိနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာရောက်ရှိနေခဲ့သော ခိုးယူခံခဲ့ရသည့် အန်ကောခေတ်မှ အဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းပစ္စည်းများနှင့် ကျောက်မျက်ရတနာများ မကြာမီက ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ရာ မတ်လ ၁၇ ရက်တွင် အဆိုပါရတနာများကို စုဆောင်း၍ တရားဝင်ပြသသည့် အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က အခြားသော ပြည်ပနိုင်ငံများရောက် ကျန်ရှိနေသေးသည့် ကမ္ဘောဒီးယားနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်ရတနာများကို ပြန်လည်လွှဲပေးကြပါရန် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ရှေးဟောင်းရတနာများတွင် အေဒီ ၉ ရာစုနှစ်မှ ၁၄ ရာစုတိုင်အောင်တည်ရှိခဲ့သည့် အန်ကောခေတ်ကာလမှ တန်ဖိုးမဖြတ်နိုင်သည့် ရွှေသရဖူများ၊ ဆွဲကြိုးများနှင့် လက်ဖွဲ့အဆောင်ပစ္စည်းများအပါအဝင် ရှေးဟောင်းရတနာပစ္စည်း ၇၇ မျိုးပါဝင်ပြီး ၎င်းတို့ကို ကွယ်လွန်ပြီးဖြစ်သည့် အရှက်တကွဲဖြစ်ခဲ့သော အင်္ဂလိပ် အနုပညာပစ္စည်းရောင်းဝယ်သူ ဒေါက်ဂလပ်စ် လက်ချ်ဖို့ဒ်၏ ကျန်ရစ်မိသားစုထံမှ ကမ္ဘောဒီးယားအစိုးရ ယဉ်ကျေးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီလအတွင်း တိတ်တဆိတ် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။
ဒေါက်ဂလပ်စ် လက်ချ်ဖို့ဒ်မှာ အနုပညာလက်ရာ တရားမဝင်ကူးသန်းရောင်းဝယ်မှုဖြင့် အမေရိကန်ပြည်ထောင်စုတွင် ရုံးတင်စစ်ဆေးခံရန်စောင့်ဆိုင်းနေစဉ် ၂၀၂၀ ပြည့်နှစ်က သေဆုံးခဲ့သည်။ ထိုနှစ်တွင်ပင် ၎င်း၏မိသားစုက ရှေးဟောင်းရတနာပစ္စည်းများကို ကမ္ဘောဒီးယားသို့ ပြန်လည်လွှဲပြောင်းပေးရန် သဘောတူခဲ့ကြသည်။
ယဉ်ကျေးမှုဝန်ကြီးဌာနက လက်ခံရရှိခဲ့သော ရှေးဟောင်းရတနာပစ္စည်းများမှာ တန်ဖိုးမဖြတ်နိုင်လောက်၍ ၎င်းတို့ကို အမျိုးသားပြတိုက်တွင် ပြသသွားမည်ဟု မျှော်လင့်ရကြောင်း ပြောခဲ့သည်။ ဝန်ကြီးချုပ်ဟွန်ဆန်ကလည်း ကမ္ဘောဒီးယားနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများကို ပြတိုက်များ၊ အဖွဲ့အစည်းများနှင့် ခမာခေတ်ရှေးဟောင်းပစ္စည်းစုဆောင်းသူများက စေတနာအလျောက် ကမ္ဘောဒီးယားသို့ ပြန်ပို့ပေးကြပါရန် အခမ်းအနားတွင် မေတ္တာရပ်ခံခဲ့သည်။ ၎င်းက “ရှေးဟောင်းအမွေအနှစ်ပစ္စည်းဆိုတာ သူ့ရဲ့ မူလနိုင်ငံကို ပြန်လည်ပေးပို့သင့်ကြပါတယ်” ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
ထို့အတူ အမေရိကန်ပြည်ထောင်စုမှ မတ်လ ၁၇ ရက်တွင် ပြန်လည်ပေးပို့လာသော ဆယ်ရာစုနှစ် ပန်းပုလက်ရာနှစ်ခုကိုလည်း အဆိုပါအခမ်းအနားတွင် ပြသခဲ့ကြောင်း သိရသည်။
ရှေးဟောင်းပစ္စည်းနှင့် ရှေးခေတ်သုံးလက်ရာပစ္စည်းများမှာ ခမာနီအစိုးရ၏ ပဋိပက္ခအကြမ်းဖက်မှုနှင့် မျိုးတုံးသတ်ဖြတ်မှုများအတွင်း ၁၉၇၀ ပြည့်လွန်နှစ်များ၌ ကမ္ဘောဒီးယားနိုင်ငံမှ ခိုးယူခံခဲ့ရသည်။ ၂၀၂၂ ခုနှစ်ကလည်း လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကာလက ထွင်းထုခဲ့သော ကြေးနှင့် သံတို့ဖြင့်ထုထားသော ဗုဒ္ဓနှင့် ဟိန္ဒူနတ်ဘုရားရုပ်တုများပါဝင်သည့် ဖောက်ထွင်းလုယူခံခဲ့ရသော ရှေးဟောင်းပစ္စည်း ၃၀ ကို အမေရိကန်ပြည်ထောင်စုမှ ပြန်လည်ရရှိခဲ့သည်။ ကမ္ဘောဒီးယားအစိုးရက အမေရိကန်ပြည်ထောင်စုအပါအဝင် အခြားနိုင်ငံများနှင့် တစ်ဦးချင်း ရှေးဟောင်းပစ္စည်းစုဆောင်းသူများကိုလည်း ခမာရှေးခေတ်သုံးလက်ရာပစ္စည်း ပြန်လည်လွှဲပေးရန် ညှိနှိုင်းနေကြောင်းသိရသည်။
Ref–CNA