◾️ ရန်ကုန်မြို့သည် အကြမ်းဖက်တိုက်ခိုက်ခံရမှု၏ ဗဟိုချက်ဖြစ်လာနေပြီး အကြမ်းဖက်မှုကြောင့် သေဆုံးသူများ၏ထက်ဝက်ကျော်မှာလည်း ရန်ကုန်မှပင်ဖြစ်နေ
၁၈. ၃. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းရှိနိုင်ငံများထဲ အကြမ်းဖက်မှု သက်ရောက်မှုဒဏ်ကို အဆိုးရွားဆုံးခံရသော ထိပ်ဆုံး ၁၀ နိုင်ငံထဲတွင် ရပ်တည်လျက်ရှိနေကြောင်း သြစတြေးလျအခြေစိုက် ကမ္ဘာ့ Think Tank အဖွဲ့တစ်ဖွဲ့ဖြစ်သော Institute for Economics and Peace (IEP) ၏ ထုတ်ပြန်ချက်များအရ သိရသည်။
IEP အဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၃ နိုင်ငံကို လေ့လာသုံးသပ်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အကြမ်းဖက်မှု အညွှန်းကိန်း Global Terrorism Index (GTI) ကို သတ်မှတ်ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် ကမ္ဘာနိုင်ငံတစ်နိုင်ငံချင်းကို အမှတ် ၀ မှတ်မှ ၁၀ မှတ်အထိ သတ်မှတ်ကာအမှတ်ပေးပြီး အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်သလို နိုင်ငံတစ်နိုင်ငံချင်းစီ၏ အကြမ်းဖက်မှု သက်ရောက်မှုအခြေနေများကို အဓိကထား အမှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့အကြမ်းဖက်မှုအညွှန်းကိန်း Global Terrorism Index (GTI)အဆင့်သတ်မှတ်ချက်တွင် ရမှတ်ပေါင်း ၇ ဒသမ ၉၇၇ (7.977) ရရှိကာ အဆင့် ၉ နေရာတွင် ရပ်တည်နေခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုဖြစ်ပွားခြင်းသည် ၂ နှစ်ဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၂၁ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၇၁၄ ကြိမ်ဖြစ်ပွားခဲ့သလို ၂၀၂၂ ခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်မှု အကြိမ်ရေ အနည်းဆုံး ၇၅၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း IEP ၏ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုသည် နှစ်ပေါင်း ၂၀ ကျော်အတွင်း အမြင့်ဆုံးကိုရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်က ၂၀၂၁ ခုနှစ်တွင် ၃၂၆ ဦးရှိခဲ့ကာ ၂၀၂၂ ခုနှစ်တွင် ၄၁၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူအရေအတွက်သည် ပြီးခဲ့သော ၂၀၂၁ ခုနှစ်ထက်နှိုင်းယှဉ်လျှင် ၂၀၂၂ ခုနှစ်တွင် ၂၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ ထို့အပြင် ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူအရေအတွက်က ၃၄၉ ဦးရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့သည် ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများအားလုံး၏ ဗဟိုချက်အများဆုံးဖြစ်ခဲ့ပြီး ၇၀ ရာခိုင်နှုန်းနီးပါးအထိ ရှိခဲ့ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့်ဆက်နွယ်ပြီး သေဆုံးသူအားလုံး၏ တစ်ဝက်ကျော်က ရန်ကုန်မြို့မှဖြစ်ကြောင်း IEP အဖွဲ့ကဆိုသည်။ တနင်္သာရီတိုင်းဒေသကြီးတွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုအရေအတွက်သည် ယခင်ထက် ၅ ဆမြင့်တက်ခဲ့သလို သေဆုံးသူအရေအတွက်က ၈ ဆမြင့်တက်လာခဲ့ကြောင်း IEP အဖွဲ့ကဆိုသည်။ IEP အဖွဲ့က ထုတ်ပြန်သော GTI အညွန်းကိန်း၏ထိပ်ဆုံး ၅ နိုင်ငံထဲတွင် အာဖန်ဂန်နစ္စတန်နိုင်ငံ၊ ဘာကီနာဖာဆို၊ ဆိုမာလီယာ၊ မာလီ၊ ဆီးရီးယားနိုင်ငံတို့ ရပ်တည်နေပြီး ပါကစ္စတန်၊ အီရတ်၊ နိုင်ဂျီးရီးယား၊ မြန်မာ၊ နိုင်ဂျာတို့လည်း ထိပ်ဆုံး ၁၀ နိုင်ငံတွင်ရပ်တည်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ အရေးအခင်းဖြစ်ပွားပြီးနောက် NLD ပါတီဝင်များနှင့် ထောက်ခံသူများက CRPH၊ NUG၊ PDF၊ ပကဖ စသော အဖွဲ့များ ဆင့်ကွဲဖွဲ့စည်းကာ လက်နက်စွဲကိုင်တော်လှန်မှုများပြုလုပ်နေပြီး အင်းစိန်ထောင်ကဲ့သို့ အများပြည်သူဆိုင်ရာနေရာများ ဗုံးခွဲခြင်းနှင့် မှားယွင်းသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။ ထိုသို့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးရသူအရေအတွက်မှာ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ကလေးသူငယ်အပါအဝင် လူဦးရေ ၅၆၀၀ ခန့်သေဆုံးထားရကြောင်းလည်း SAC က သတင်းထုတ်ပြန်ထားသည်။
Ref — Institute for Economics and Peace