MT News
Written by Nay Aung
အိန္ဒိယအစိုးရတာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံရှိလူကုန်ကူးဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများထံတွင် ပိတ်မိနေသည့် ဖမ်းဆီးခံရသော အိန္ဒိယနိုင်ငံသား ၃၁၅ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးသည် မတ်လ ၁၆ ရက်နေ့တွင် ပြန်ကယ်ထုတ်ထားသော အိန္ဒိယနိုင်ငံသား ၈ ဦးကို ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသားများသည် အလုပ်အကိုင်အခွင့်အလမ်းကောင်းများနှင့်အတူ လစာကောင်းကောင်းရမည်ဟု မက်လုံးပေးစည်းရုံးခံရပြီးနောက် မြန်မာနိုင်ငံရှိလူကုန်ကူးဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများ၏ သားကောင်အဖြစ် ပိတ်မိနေခဲ့ကြောင်းသိရသည်။
အိန္ဒိယသံရုံးက” အိန္ဒိယနိုင်ငံသားတွေကို ပြန်ကယ်ထုတ်နိုင်အောင်ကူညီပေးခဲ့တဲ့ မြန်မာအစိုးရတာဝန်ရှိသူများနဲ့အခြား ကူညီပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။” ဟုသတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးသည် မြန်မာနိုင်ငံရှိလူကုန်ကူးဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများထံ ပိတ်မိနေသူများ၊ ဖမ်းဆီးခံထားရသူများကို ပြန်လည်ကယ်ထုတ်နိုင်အောင် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။ အိန္ဒိယနိုင်ငံသားများကိုလူကုန်ကူးဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများ၏ သားကောင်အဖြစ် မခံရအောင် အွန်လိုင်းတစ်ဆင့် အလုပ်ကိုင်အခွင့်လမ်းကောင်းရမည်ဟု မက်လုံးပေးမှုများကို မယုံကြည်ရန် သတိပေးထားကြောင်း အိန္ဒိယအစိုးရကပြောသည်။
Ref —aninews