MT News
Translated by Htwe Ko Tun
တရုတ်ပြည်သူသမ္မတနိုင်ငံသမ္မတရှီကျင့်ဖိန်က ရုရှားသမ္မတ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ ချစ်ကြည် ရေးခရီးအဖြစ် မတ်လ ၂၀ ရက်မှ မတ်လ ၂၂ ရက်အထိလာရောက်မည်ဖြစ်ကြောင်း ရုရှားအစိုးရက မတ်လ ၁၇ ရက်တွင် ကြေညာခဲ့သည်။
ထိုကြေညာချက်အရ ခေါင်းဆောင်နှစ်ဦးသည် ရုရှားနှင့်တရုတ်အကြား ပြည့်စုံသောမိတ်ဖက်တည်ဆောက်မှုနှင့်မဟာ ဗျူဟာ အပြန်အလှန်ဆက်ဆံအကျိုးပြုရေးတို့အတွက် အနာဂတ်နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ဆက်စပ်နေသော ကိစ္စရပ်များကို အလေးထားဆွေးနွေးသွားကြမည်ဟုဆိုသည်။
နှစ်ဘက်စလုံးကလည်းနိုင်ငံတကာအဆင့်တွင် ရုရှား-တရုတ်ပူးပေါင်းဆောင်ရွက်ရေး တိုးချဲ့မည့်နည်းလမ်းများအတွက် အပြန်အလှန်သုံးသပ်မှုများဖလှယ်သွားကြရန်မျှော်လင့်ထားသည်။ ထို့ပြင် ရုရှားအစိုးရကတရုတ်သမ္မတ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကျိုးတူသဘောတူညီချက်များ လက်မှတ်ရေးထိုးသွားမည်ဟုလည်းပြောကြားခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် တို့က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆာမာကန်တွင်ကျင်းပခဲ့သော ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံခဲ့ကြသေးသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင်လည်း ပူတင်က ရှီကျင့်ဖိန်အား ဖုန်းဖြင့်ဆက်သွယ်စကားပြောခဲ့ကာ မော်စကိုသို့ နွေဦးကာလတွင် ချစ်ကြည်ရေးခရီးလာရောက်ရန် ဖိတ်ကြားခဲ့သည်။
ရှီကျင့်ဖိန်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတအဖြစ် တတိယသက်တမ်းတာဝန်ယူရန် မတ်လဆန်းတွင် ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ပြီးနောက် ရုရှားသမ္မတ ပူတင်ကဂုဏ်ယူပါကြောင်း သတင်းပို့ခဲ့ရာတွင် ရုရှားအစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့အနေဖြင့် အဓိကကိစ္စရပ်များ၌ ညှိနှိုင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟုဖော်ပြခဲ့သည်။ ရုရှားသမ္မတက တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတနှင့်အတူတကွ ဆောင်ရွက်သွားရန် ယုံကြည်ကိုးစားမှုရှိကြောင်းနှင့် သမ္မတရှီအနေဖြင့် နယ်ပယ်များစွာတွင် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်ရေးများတိုးတက်လာအောင် စွမ်းဆောင်နိုင်လိမ့်မည်ဟုလည်းဖော်ပြခဲ့သည်။
၂၀၂၂ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၊ အကြိမ် ၂၀ မြောက် ပြည်သူ့ကွန်ဂရက် ကျင်းပပြီးနောက်တွင် ရှီကျင့်ဖိန်က ပါတီဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း တတိယအကြိမ်ပြန်လည်အရွေးခံခဲ့ရသည်။ ယခုခရီးစဉ်က ပြန်လည်ရွေးချယ်ခံရပြီးနောက် ရှီကျင့်ဖိန်၏ ရုရှားသို့ပထမဆုံးအကြိမ်ခရီးစဉ်လည်းဖြစ်သည်။
Ref—— CNN, Tass