၁၇. ၃. ၂၀၂၃
Written by Ye Kyaw
တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်နှင့် မွေးမြူရေးထွက်ကုန်များ တင်ပို့နိုင်ရေးနှင့် တရုတ်နိုင်ငံဘက်မှ လယ်ယာစက်ပစ္စည်းနှင့် ဓာတ်မြေဩဇာများ ပြန်လည်တင်သွင်းနိုင်ရေးအတွက် တရုတ်စီးပွားရေးသံမှူးနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှုလက်မှုအသင်းချုပ် (UMFCCI) မှ သိရသည်။
မတ်လ ၁၆ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး(ရန်ကုန်)မှ စီးပွားရေးသံမှူး Mr. Tan Shufu ဦးဆောင်သော မြန်မာနိုင်ငံအခြေစိုက် တရုတ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“မြန်မာ့လယ်ယာထွက်ကုန်များဖြစ်တဲ့ ဆန်၊ စပါး၊ ပဲ၊ ပြောင်း၊ မွေးမြူရေးထွက်ကုန်တို့ကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေး၊ တရုတ်နိုင်ငံဘက်လည်း ဓာတ်မြေဩဇာ၊ လယ်ယာသုံးစက်ကိရိယာများ ပြန်လည်တင်ပို့ရုံသာမက တရုတ်နိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းများကိုလည်း တင်သွင်းခွင့်ရရှိမယ့် အခွင့်အလမ်းများအပေါ် ဆွေးနွေးခြင်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
တရုတ်-မြန်မာနှစ်နိုင်ငံအကြား ကြီးမားသော ဈေးကွက်တွင် လယ်ယာသားငါး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ မြန်မာ့လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ မွေးမြူရေးထွက်ကုန် အသား၊ငါး စသည်တို တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လိုကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး(ရန်ကုန်)မှ စီးပွားရေးသံမှူး Mr. Tan Shufu က ပြောသည်။
ထို့ပြင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်မှုကို အလေးထားကြောင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် နှစ်နိုင်ငံလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း စီးပွားရေးသံမှူး Mr. Tan Shufu က ပြောသည်။