၁၇. ၃. ၂၀၂၃
MT News
ကမ္ဘာ့ရွှေဈေးနှုန်း အတက်ကြမ်းနေသဖြင့် ပြည်တွင်းရွှေဈေးနှုန်း ဆက်လက်မြင့်တက်လာ၍ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၉၀၀,၀၀၀ ခန့်အထိ ရှိလာခဲ့သော်လည်း ငွေလဲလှယ်နှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိသည်။
ယခုမတ်လဆန်းပိုင်းမှစတင်၍ ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည်မြင့်တက်လာခဲ့ပြီး မတ်လ ၁၇ ရက်တွင် ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၉၃၀ အထိ မြင့်တက်ခဲ့၍ နှစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ဒေါ်လာ ၈၀ ကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ယခင်က အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၈ သိန်းခွဲဝန်းကျင်ခန့်သာရှိခဲ့ရာမှ မတ်လ ၁၇ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၈၉၂,၀၀၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)က သတ်မှတ်ရွှေဈေးနှုန်း မတ်လ ၁၇ ရက်တွင် ကျပ် ၂,၂၇၃,၇၀၀ သတ်မှတ်ခဲ့ပြီး နှစ်ပတ်အတွင်း ကျပ်တစ်သိန်းကျော် တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ မတ်လ ၁၄ ရက်တွင် ရွှေဈေးနှုန်း ၂,၈၉၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၈ ကျပ်၊ မတ်လ ၁၅ ရက်တွင် ရွှေဈေးနှုန်း ၂,၈၇၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၃ ကျပ်၊ မတ်လ ၁၆ ရက်တွင် ရွှေဈေးနှုန်း ၂,၈၉၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။