၁၇. ၃. ၂၀၂၃
Written by Nyein Kyaw
ရန်ကုန်မြို့တွင်း EV လျှပ်စစ်တက္ကစီယာဉ် အခမဲ့စီးနင်းနိုင်မည့်အစီအစဉ်ကို မတ်လ ၁၅ ရက်မှစတင်ပြီး တစ်လတိတိ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် လာရောက်စီးနင်းရန် စာရင်းပေးထားသူဦးရေ ၂၀၀ ကျော်အထိရှိကြောင်း EV Myanmar Group တည်ထောင်သူ ဦးကျော်ကျော်ထွန်းက MT News သို့ ပြောကြားခဲ့သည်။
EV လျှပ်စစ်တက္ကစီယာဉ် အခမဲ့စီးနင်းနိုင်ရန် စမ်းသပ်မောင်းနှင်လိုသူ တက္ကစီယာဉ်မောင်းများအတွက် ကားတစ်စီးနှင့် ခရီးသည်များအတွက် ကားတစ်စီး စီစဉ်ပေးထားပြီး ရန်ကုန်မြို့၊ လသာမြို့နယ်၊ လသာလမ်းတွင် လာရောက်စီးနင်းနိုင်ကြောင်း သိရသည်။
“တက္ကစီက ကညနက တက္ကစီနံပါတ်တွေ မထုတ်ပေးသေးဘူးဆိုတော့လေ ပို့ချင်တဲ့နေရာ သူတို့သွားချင်တဲ့နေရာကို ပို့လို့တော့မရသေးဘူး။ လသာလမ်းကနေ ဆူးလေတစ်ပတ် ကားရှင်းရင်ပေါ့။ ကားကျပ်ရင်တော့ ရွှေတိဂုံဘုရားလမ်းတစ်ပတ်တော့ ကျွန်တော်တို့က Driving Experience ရအောင် လုပ်ပေးနေပါတယ်။ ခရီးသည်ရော လက်ခံတယ်။ စမ်းသပ်မောင်းနှင်လိုသူအတွက် တစ်စီး၊ ခရီးသည်အတွက် တစ်စီး နှစ်စီးခွဲထားတယ်” ဟု ဦးကျော်ကျော်ထွန်းက ပြောသည်။
အဆိုပါ EV လျှပ်စစ်တက္ကစီယာဉ် အခမဲ့စီးနင်းလိုသူများအနေဖြင့် www.myantickets.com ဝက်ဘ်ဆိုက်တွင် စာရင်းပေးသွင်းကာ လာရောက်စီးနင်းနိုင်ပြီး လက်ရှိတွင် EV လျှပ်စစ်တက္ကစီယာဉ် အခမဲ့လာရောက်စီးနင်းလိုသူ လူဦးရေ ၂၀၀ ကျော်က လာရောက်စာရင်းပေးထားကြောင်း သိရသည်။
“ပထမအသုတ်အနေနဲ့ အယောက် ၂၀၀ ကျော်လောက်ရှိတယ်။ အဲထဲမှာမှ စမ်းသပ်မောင်းနှင်မယ့်သူက ၆၄ ယောက်လောက်ပါပါတယ်။ မနေ့ကဆို တစ်သုတ်ပေါ့ Appointment Only နဲ့ သွားပါတယ်။ မီဒီယာတွေလာရင်တော့ ချက်ချင်းဦးစားပေးတယ်။ ချက်ချင်းကားပေါ်တက်လို့ရတယ်” ဟု ဦးကျော်ကျော်ထွန်းက ပြောကြားသည်။
EV လျှပ်စစ်တက္ကစီယာဉ် အခမဲ့စီးနင်းခြင်းအစီအစဉ်အား မတ်လ ၁၅ ရက်မှ ဧပြီ ၁၄ ရက်အထိ တစ်လတိတိ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး အခမဲ့စီးနင်းလိုသူများအနေဖြင့် သတ်မှတ်စည်းမျဉ်းများအတိုင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
“မတ်လ ၁၅ ရက်စတယ်။ တစ်လပေါ့ နောက်လ ၁၄ ရက်အထိပေါ့။ တကယ်စရမှာက ၁၄ ရက်နေ့ကြေညာထားတာ။ နောက်ကျသွားလို့ မတ်လ ၁၅ ရက်မှစဖြစ်တယ်။ တချို့တွေကလည်း မတ်လ ၁၆ ရက်ဆိုပြီး နည်းနည်းလွဲတာလေးတွေလည်းရှိတာပေါ့လေ” ဟု ဦးကျော်ကျော်ထွန်းက ပြောသည်။