၁၇.၃.၂၀၂၃
Written by Thuta Zaw
မြန်မာနှင့် လာအိုတို့ နယ်စပ်ဒေသအာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးကိစ္စ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ လက်မှတ်ရေးထိုးခြင်းကို မတ်လ ၁၅ ရက် က မြန်မာနိုင်ငံ၊ တာချီလိတ်မြို့၊ 1G1-11 ဟိုတယ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် လာအိုနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ ဖိုဆိုင်းခိုင်ခန်းဖိထွန်တို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် (၁၄) ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များအစည်းအဝေးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးတွင် နှစ်နိုင်ငံခေါင်းဆောင်များက နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ အထူးသဖြင့် နယ်စပ်ဒေသအာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးကိစ္စ၊ နယ်စပ်ဖြတ်သန်းသွားလာခွင့်ကိစ္စ၊ နယ်စပ်စစ်ဆေးရေးဂိတ်များကိစ္စ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စ၊ အလုပ်သမားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စ၊ မဲခေါင်မြစ်အတွင်း ရေကြောင်းသွားလာမှုကိစ္စ၊ နယ်နိမိတ်မှတ်တိုင်များ စစ်ဆေးခြင်းနှင့် ပြုပြင်မွမ်းမံခြင်းကိစ္စ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စနှင့် အခြားကိစ္စရပ်များအား ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စများနှင့် ပတ်သက်၍ မည်သို့ ပူးပေါင်းဆောင်ရွက်သွားရန် ရှိသည်ဆိုသော အကြောင်းကို ထပ်မံဖော်ပြရေးသား နိုင်ရေးအတွက် မေးမြန်းရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးထံ MT News က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပါ။