၁၇.၃.၂၀၂၃
Translated by Htwe Ko Tun
တရုတ်သိပ္ပံပညာရှင်များ၏ လေ့လာမှုတစ်ရပ်တွင် မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်သော ဒုံးပျံများကို အမေရိကန်က လေကြောင်းကာကွယ်ရေးစနစ်ဖြင့် ကြားဖြတ်ဟန့်တားမှုမပြုနိုင်ပါက အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းသို့ ပစ်လွှတ်သည်မှ ၃၃ မိနစ်အတွင်း ရောက်ရှိလာနိုင်ကြောင်း ဖော်ပြခဲ့ကြသည်ဟု စီအန်အန်သတင်းများက ဆိုသည်။
မြောက်ကိုရီးယားက ပိုင်ဆိုင်သောဒုံးပျံများအနက် အကြီးမားဆုံးလည်းဖြစ်သည့် လောင်စာရည်သုံး တာဝေးပစ်တိုက် ချင်းပစ်ဒုံးပျံ(ICBM) ဟွာဆုန်း-၁၇(Hwasong-17) က အမေရိကန်ပြည်ထောင်စု၏ မည်သည့်နေရာတွင်မဆိုရှိသည့် ပစ်မှတ်များသို့ ပစ်ခတ်နိုင်စွမ်းရှိကာ နျူကလီးယားထိပ်ဖူးလည်း သယ်ဆောင်နိုင်သည်ဟု ယူဆရသည်။ မြောက်ကိုရီးယားက တာဝေးပစ်တိုက်ချင်းပစ်ဒုံးပျံ ပစ်လွှတ်မှုများကို ၂၀၁၇ ခုနှစ်မှပင် စတင်ပြုလုပ်နေကြောင်း သတိပြုခဲ့မိကြပြီး ၂၀၂၂ ခုနှစ် မတ်လတွင် ဟွာဆုန်း-၁၇ ဒုံးပျံအား မြောက်ကိုရီးယားက ပထမဆုံး စမ်းသပ်ပစ်လွှတ်မှုပြုခဲ့သည်။
ဟွာဆုန်း-၁၇ တာဝေးပစ်တိုက်ချင်းပစ်ဒုံးပျံက ကီလိုမီတာ ၁၅,၀၀၀ အထိ ပစ်ခတ်နိုင်စွမ်းရှိသဖြင့် အမေရိကန်နိုင်ငံ၏ မည်သည့်နေရာသို့မဆို ရောက်ရှိနိုင်သည်။ ထို့ပြင် မြောက်ကိုရီးယားက အခြားသော တာဝေးပစ်တိုက်ချင်းပစ်ဒုံးပျံများဖြစ်သည့် ဟွာဆုန်း-၁၄ နှင့် ဟွာဆုန်း-၁၅ တို့ကိုလည်း ပိုင်ဆိုင်ထားကြောင်း သိရသည်။
Ref——CNN