၁၇. ၃. ၂၀၂၃
Written by Nyein Kyaw
မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ဝါးထုတ်လုပ်မှု၏ ထက်ဝက်ကျော်ကိုသာ အသုံးပြုနေ၍ စက္ကူစက်ရုံနှင့် ပျော့ဖတ်စက်ရုံများတွက် ကုန်ကြမ်းအလုံအလောက်ရှိသဖြင့် စက္ကူစက်ရုံနှင့် ပျော့ဖတ်စက်ရုံများ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံရှိ သံသတ္တုရိုင်းထွက်ရှိရာဒေသများနှင့် အသုံးပြုနိုင်သည့် သံနှင့်သံမဏိ ထုတ်လုပ်သည့်နည်းစဉ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သစ်/ဝါးပေါက်ရောက်မှု အခြေအနေများအပေါ်မူတည်၍ ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေးတို့နှင့် စပ်လျဉ်းသည့်ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၆ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“စက္ကူစက်ရုံနှင့် ပျော့ဖတ်စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် စာရင်းကောက်ယူထားတဲ့ ဝါးထွက်ရှိမှု ဧရိယာဧကအနေနဲ့ ၆၉ ဒသမ ၆ သန်းရှိတယ်၊ တစ်နှစ်မှာ ဝါးအလုံးရေ ၂၆၅ သန်း ထုတ်လုပ်နိုင်သော်လည်း ၁၄၅ သန်းလုံးသာ ထုတ်လုပ်သုံးစွဲနေတာကို တွေ့ရှိရပါတယ်။ ဝါးပေါက်ရောက်နိုင်တဲ့ ဧရိယာစာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူနိုင်တာ မရှိသေးလို့ ဝါးအလုံးရေ ၂၆၅ သန်းထက် ပိုမိုထုတ်လုပ်နိုင်မှာဖြစ်တယ်။ တစ်နိုင်ငံလုံးမှာ တင်ဒါစနစ်နဲ့ သစ်တော စိုက်ခင်းတွေ တည်ထောင်နိုင်ဖို့ တောနိမ့်၊ တောပါးဧရိယာ ၃ ဒသမ ၆၅ သန်း ဧကရှိတဲ့အတွက် စက္ကူစက်ရုံများတည်ဆောက်နိုင်ရန်အတွက် ကုန်ကြမ်းများ လုံလောက်မှုရှိပါတယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီက ပြောကြားသည်။
ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သစ်/ဝါး ပေါက်ရောက်မှု အခြေအနေအပေါ်မူတည်ပြီး ပျော့ဖတ်စက်ရုံများကို ဝါး/သစ် ကုန်ကြမ်းများလွယ်လွယ်ကူကူနှင့် သယ်ယူထုတ်လုပ်နိုင်သည့် နေရာများ၊ ရေအရင်းအမြစ် အလွယ်တကူရရှိနိုင်မည့်နေရာများတွင် တည်ဆောက်ရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
ထို့ပြင် စက်ရုံမှထွက်ရှိမည့် စွန့်ပစ်ရေများကို သန့်စင်ပြီးစနစ်တကျ ပြန်လည်စွန့်ထုတ်ရန် လိုအပ်သည့်အတွက် စက်ရုံတည်ဆောက်ရန် မြေနေရာရွေးချယ်မှုသည် အရေးကြီးကြောင်း၊ လိုအပ်သည့် ကုန်ကြမ်းများရရှိနိုင်ရေး လွယ်ကူလက်လှမ်းမီသည့် နေရာများနှင့်ရေ၊ လျှပ်စစ်ဓာတ်အား၊ လောင်စာအရင်းအမြစ်များရရှိနိုင်ရန် လွယ်ကူသည့်နေရာများတွင် ရွေးချယ်ပြီး ပျော့ဖတ်စက်ရုံများ တည်ထောင်ရမည်ဖြစ်ကြောင်း သိရသည်။