၁၇.၃.၂၀၂၃
Translated by Htwe Ko Tun
တူရကီနိုင်ငံတောင်ပိုင်းတွင် ဖေဖော်ဝါရီလအတွင်းကလည်း ငလျင်ဒဏ် ဆိုးရွားစွာခံခဲ့ရသော ပြည်နယ်များဖြစ်သည့် ဆန်လီအာဖါပြည်နယ်(Sanliurfa) နှင့် အဒီရာမန်ပြည်နယ်(Adiyaman) များတွင် မတ်လ ၁၅ ရက်မှစတင်၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းကာ ပြည်နယ်များအတွင်း ဆိုးရွားသောရေကြီးမှုကြောင့် မတ်လ ၁၆ ရက် ညအထိ သေဆုံးသူအနည်းဆုံး ၁၆ ဦးရှိသွားပြီဖြစ်ကြောင်း တူရကီနိုင်ငံ၏ Anadolu News Agency အနာဒိုလူ သတင်းဌာနက ဖော်ပြခဲ့သည်။
ဆန်လီအာဖါပြည်နယ်က ရေကြီးမှုကြောင့် သေဆုံးသူအများဆုံးပြည်နယ်ဖြစ်ခဲ့ကာ အနည်းဆုံး ၁၄ ဦးသေဆုံးခဲ့ကာ ပျောက်ဆုံးနေသူများလည်းရှိကြောင်း သိရသည်။ ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် အိမ်ခြေ ၂၀၀၀ ကျော် ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။ အဆက်မပြတ်ရွာသွန်းနေသောမိုးကြောင့် အဒီရာမန်ပြည်နယ်အတွင်းတွင်လည်း မြစ်တစ်စင်းရေလျှံကာ ရေကြီးမှုများကို ပိုမိုဆိုးဝါးစေခဲ့ပြီး လမ်းများပေါ်ရှိကားများမျောပါကုန်သည်ကို တွေ့ကြရသည်။
ပြည်နယ်များအတွင်း ရေကြီးမှုကြောင့် လမ်းများပေါ်ရှိကားများလည်းမျောပါကာ လမ်းများဆိုးရွားစွာပျက်စီးကုန်သည်ကိုလည်း ဗီဒီယိုများတွင် တွေ့ကြရသည်။ ရေကြီးမှုကြောင့် မြို့ကြီးများရှိ မြေအောက်ဖြတ်ကူးလမ်းများအတွင်း ရေများပြည့်လျှံဝင်ကာ လူအချို့ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။
ဆန်လီအာဖါပြည်နယ်နှင့် အဒီရာမန်ပြည်နယ်များက ဖေဖော်ဝါရီလအတွင်းက တူရကီတောင်ပိုင်းတွင် အားကောင်းသောငလျင်များ အဆက်မပြတ်လှုပ်ခတ်မှုကိုခံခဲ့ကြရပြီး လူ ၄၈,၀၀၀ ကျော်သေဆုံးခဲ့ကြရသည်။ ထို့ပြင် လမ်းများပေါ်တွင် ငလျင်ဒဏ်ကြောင့် ယာယီတဲများဖြင့်နေထိုင်နေရသည့် ဒုက္ခသည်များမှာ ဒေသတွင်းရေကြီးမှုကြောင့် များစွာဒုက္ခရောက်ကာ အိုးအိမ်မဲ့များတိုးပွားလာကြောင်း သိရသည်။ ဒေသအတွင်းမိုးက နောက်ထပ် ငါးရက်ခန့် ဆက်လက်ရွာသွန်းနိုင်သေးကြောင်း ရာသီဥတုပညာရှင်များက ခန့်မှန်းကြသည်။
Ref—-Anadolu